ဟိန်းဇော်ဦး ရန်ကုန်ကနေ ညောင်ရွှေကို တက်လာသည့်လမ်းတလျှောက် တလှပ်လှပ်တုန်လှုပ်နေသည့် နှလုံးသားတစ်စုံဟာ ညောင်ရွှေမြို့ထဲကို ဝင်ရောက်လိုက်သည်နှင့် ပေါက်ကွဲထွက်မတတ် အဆမတန်ခုန်ပေါက်လို့ နေတော့သည်။ လက်ညှိုးနဲ့ လက်ခလယ်ကြားထဲသို့ အမြဲမပြတ် ရောက်ရှိနေသည့် တစ်လိပ်ပြီးတစ်လိပ်သော စီးကရက်ချောင်းများဟာ သူ့အတွက် စိတ်သက်သာရာရအောင် မဆောင်ကျဉ်းနိုင်သည့်အခါ ဟိန်းဇော်ဦး နောက်ထပ်ဘာဆက်လုပ်ရမည်ကို အကြံမထွက်တော့ပြီ။ မောင်နဲ့တွေ့ရမှာမို့ အတိုင်းအဆမရှိ ပျော်ရွှင်နေသည့် သူ့နှလုံးသားဟာ မောင့်ကိုချစ်တာသေချာပါသော်လည်း စိတ်ထဲတထင့်ထင့်ဖြင့် ရတက်မအေးနိုင်အောင် ပူပန်နေရသော မေးခွန်းတစ်ခုလည်းရှိနေ၏။ ထိုမေးခွန်းကို သူမေးလိုက်ပြီးပါက သူတို့နှစ်ဦးကြားမှာ အနှစ်နှစ်အလလ တည်ဆောက်ခဲ့ရသော အိမ်ထောင်ရေးတစ်ခုဟာ ကမ်းစပ်ကသဲအိမ်လို ချက်ချင်းပဲ ပြိုလဲကျသွားလေမလား။ ဒါမှမဟုတ် မောင့်လက်ဖြင့်တွန်းချမည့် အဆုံးမဲ့ချောက်ထဲကို ဟိန်းဇော်ဦး ပြုတ်ကျပျောက်ကွယ်သွားပြီး ဘယ်တော့မှ မောင့်အနား ပြန်မလာနိုင်တော့မှာလား။ မောင့်ကို မဆုံးရှုံးချင်သော်လည်း ဟိန်းဇော်ဦးဆီမှာက ရွေးချယ်စရာလမ်းပျောက်လို့နေပြီး ခေါင်းထဲပဲ့တင်ထပ်နေသည်က စွန့်လွှတ်မလား စွန့်စားမလားဆိုသည့်မေးခွန်းနှစ်ခုပင်။ အဆိုပါနှစ်ခုလုံးဟာ အစိုးရိမ်ကြီးတတ်သူကို စိတ်သက်သာရာ မပေးနိုင်သည့်အခါ ဟိန်းဇော်ဦးမှာလည်း ညောင်ရွှေမြို့ထဲကိုရောက်လေ စိုးရိမ်ပူပန်စိတ်တွေ ကြီးလာလေ ဖြစ်လာတော့သည်။
မိုးရာသီဖြစ်၍ လမ်းမကြီးတစ်လျှောက် သစ်ပင်ကြီးငယ်တို့ စိမ်းစိုလန်းဆန်းနေပြီး အဖူးအပွင့်တို့သည်လည်း ပြိုင်စံရှားအောင် ဝေဆာနေကြပြီဖြစ်သည်။ ဖွင့်ထားသည့် ပြတင်းမှန်မှတဆင့် တိုးဝင်လာသော လေချိုလေအေးသည် သူ့နားရွက်နောက်ကို ဖြတ်သန်းကျီးစားလိုက်သည့်အခါ ဟိန်းဇော်ဦး ပျောက်ဆုံးနေသော စိတ်ဝိဉာဉ်မှ အသိပြန်ဝင်လာသလို ဘေးပတ်ဝန်းကျင်ကို ခေါင်းလှည့်၍ကြည့်ရှုစစ်ဆေးလိုက်၏။ မနာလိုချင်စရာကောင်းအောင် သူကလွဲလို့တော့ဖြင့် အရာအားလုံးဟာ အေးချမ်းငြိမ်သက်လျက်။
أنت تقرأ
မောင့် လက်တစ်ကမ်းအလို(Love, beyond)
قصص عامةတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-