Part 30 တစ်စုံတစ်ယောက်

395 52 1
                                    

စဝ်မောင် ကလေးတွေ၏အိမ်စာများကို စစ်ပေးနေရင်း သူမသိလိုက်ခင်မှာပင် ညနေစောင်းသွားပြီဖြစ်သည်။ အခုချိန်ထိ အိပ်ပျော်နေသော ဟိန်းဇော်ဦးကို သွားနှိုးရကောင်းမလားဟု တွေးမိသော်လည်း ဟိန်းဇော်ဦးနိုးလာသည်နှင့် သူနဲ့စကားများကြမည်အဖြစ်ကို စဉ်းစားကာ ချိတုံချတုံဖြစ်နေပြန်သည်။ စဝ်မောင် တစ်ယောက်ယောက်နှင့် ရန်ဖြစ်စကားများရတာမျိုး မုန်းသည်။ အထူးသဖြင့် သူ့ဘက်ကိုယ့်ဘက် နှစ်ဦးနှစ်ဖက်ကို မျှမျှတတ မချင့်ချိန်မစဉ်းစားပေးသည့် ဟိန်းဇော်ဦးနှင့်စကားများပြီးတိုင်း သူပဲမှားနေသလို။ အရုပ်လိုချင်၍ ငိုယိုကာ ပူဆာနေသော ကလေးတစ်ယောက်ကဲ့သို့ ဘယ်လိုမှအပေးအယူလုပ်မရ ဖြစ်နေသည်။

စဝ်မောင် ဟိန်းအကြောင်းတွေးမိသည်နှင့် ခေါင်းကိုက်သွားသဖြင့် တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်ထောက်၍ နားထင်ကိုနှိပ်နေတုန်း မျက်စိရှေ့မှာတင် အခန်းတံခါးကပွင့်လာခဲ့၏။ ထို့နောက် တပြိုက်နက်ထဲပဲ အိမ်ရှေ့ခန်းသို့ တစ်လှမ်းချင်းထွက်လာပါသည့် ဟိန်းဇော်ဦး။ လူကို စိတ်ဒုက္ခပေးပါသော သူ့ရဲ့မေတ္တာတုံးလေး။

ဆံပင်တွေရှည်နေပြီး လူကညှင်းသိုးသိုးပုံစံပေါက်နေသည့်တိုင် ဟိန်းဇော်ဦးက တစ်မျိုးလေးကြည့်ကောင်းနေဆဲ။ ပုံမှန်ဆိုရင် ဟိန်းဇော်ဦး မျက်လုံးတွေနှင့် အကြည့်ချင်းဆုံတိုင်း စိတ်ကလေး ကြည်လင်းအေးချမ်းသွားသော်လည်း အခုတော့ ဘာကိုလန့်မှန်းမသိ လန့်နေမိ၏။ စဝ်မောင် ဘာရယ်မဟုတ် ချောင်းဟန့်လိုက်၏။

"နိုးလာပြီဆို ဒီမှာခဏလာထိုင်။ ရေနွေးကြမ်းပူပူလေး အရင်သောက်လိုက်။ ငါ ဆန်ပြုတ်ကျိုထားတယ်။ သွားယူပေးမယ်။"

စဝ်မောင်ပြောသည့်စကားတစ်ခွန်းတိုင်းကို ပြန်ပြောတတ်သည့် ဟိန်းဇော်ဦးက အခုတော့ ခေါင်းလေးငြိမ့်ကာ နားထောင်၏။ သူနှင့်မျက်နှာချင်းဆိုင်မှာ အေးအေးဆေးဆေးဝင်ထိုင်သည့် ဟိန်းဇော်ဦး၏ပုံစံကြောင့် စဝ်မောင် နေများကောင်းရဲ့လားဟု ကြည့်ရသေးသည်။ အရက်နာကျပြီး ခေါင်းကိုက်သဖြင့် စကားပြန်မပြောတာမျိုးလည်း ဖြစ်နိုင်ရာ သူ့ဆီမှာ ခေါင်းကိုက်ပျောက်ဆေးရှိလားဟု အပြေးတွေးမိပြန်သည်။ တကယ့်ကို အလုပ်ရှုပ်သည့်ကောင်လေး။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Where stories live. Discover now