Part 18 Zawgyi

129 4 0
                                    

မောင့်ကိုပေးဖို့ တသက်စာမက လုံလုံလောက်လောက်အချစ်တွေ ကျွန်တော့်ဆီမှာ အသင့်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ မောင်ကတော့ အချစ်ကိုမယုံကြည်ဘူးလို့ပဲ ဆက်တိုက်ပြောနေခဲ့တယ်။

..........

ရန်ကုန်မြို့ရဲ့ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်းတို့ ထိပ်တိုက်တွေ့ဆုံရာ လေးပွင့်ဆိုင်လမ်းလယ်ခေါင်တွင် ရွှေရောင်တဝင်းဝင်းတောက်ပလျက် ဆူးလေဘုရားသည် နေရောင်အောက်မှာ သပ္ပာယ်စွာတည်ရှိနေပါ၏။ မီးပွိုင့်တွေဟာ အနီဖြစ်သွားလိုက် အစိမ်းဖြစ်သွားလိုက်ဖြင့် ပျားပန်းခတ်မျှသွားလာနေကြသော သက်ရှိသက်မဲ့ အရာဝတ္ထုပေါင်းမြောက်များစွာတို့ကို ထိန်းချုပ်လျက်ရှိပြီး နေ့လည်ခင်းအချိန်မို့ ဘက်စ်ကားဂိတ်ဟာ မနက်ခင်းတုန်းကထက် လူရှင်းနေသည်။ လူသွားလမ်းပလက်ဖောင်းပေါ်မှ ထီးရောင်စုံတို့ဟာ ကိုင်ဆောင်သူရဲ့ပုံသဏ္ဌာန်ကို ဖုံးကွယ်လျက် အရှေ့သို့တစ်မျိုး၊ အနောက်သို့တစ်ဖုံ ရွေ့လျားနေကြသည်မှာ နေ့စဉ်မြင်နေကြ မြင်ကွင်းတစ်ခုလို ရိုးရှင်းလှသော်လည်း ထိုထီးအောက်မှ လူသားတွေကတော့ မိမိလိုရာခရီး၊ မိမိအရေးကိုသာ စိတ်ရောက်နေကြသဖြင့် တစ်ယောက်ကိုတစ်ယောက် သတိမူနိုင်ဖို့ကတော့ ခဲယဉ်းစွာ၊ ထင်းထင်းကြီးရှိနေသည့် ဆူးလေဘုရားကိုပင် မော်ကြည့်ဖို့ အချိန်မရကြတော့။

ဘယ်အရာကိုမဆို အလျင်လိုနေတဲ့ခေတ်ကြီးထဲမှာ သူတို့ခြေလှမ်းတွေဟာ အရင်ကထက်နှစ်ဆ ပိုမြန်လာခဲ့ကြပြီး စကားပြောတာတွေလည်း မြန်လာခဲ့ကြသည်။ လူအချင်းချင်းပင် နားလည်အောင် ကောင်းမွန်စွာဆက်သွယ်နိုင်ခြင်းမရှိတော့ဘဲ အလျင်လိုနေတဲ့ခေတ်ကြီးထဲမှာ ဆက်ဆံရေးတွေပြတ်တောက်တာလည်း မြန်နေခဲ့၏။

ဟိန်းဇော်ဦး အိပ်ယာမှနှိုးလာသည့် အချိန်မှာတော့ နေ့လည်ခင်းနေဟာ သူ့မျက်နှာပေါ်ကိုတည့်တည့် ကျရောက်လျက်ရှိပြီး လေးအေးပေးစက်ဖွင့်ထားသော်လည်း နေထိုးနေသည့်ဒဏ်က ပြင်းလှတာကြောင့် သူကြာကြာမခံနိုင်ပဲ ထလိုက်ရတော့၏။ တိတ်ဆိတ်နေသော တိုက်ခန်းတစ်ခုလုံးမှာ လှုပ်ရှားနေသော အရာဝတ္ထုဆို၍ ဟိန်းဇော်ဦးတစ်ယောက်သာရှိပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံးဟာ အဖြူအမဲရုပ်ရှင်ကားထဲက ဇာတ်ဝန်ခန်းတစ်ခုလို စိတ်ဝင်စားစရာမရှိ၊ ပျင်းခြောက်ခြောက်နှင့် အထီးကျန်မှုသာ ခံစားလို့ရသည်။ ခဏခဏညှပ်ထားမှန်း သိသာနေသည့် ဆံပင်တွေဟာ တနေ့တခြား ပိုတိုလာခဲ့ပြီး ဒီမနက်မှန်ထဲမှာတော့ ဟိန်းဇော်ဦး သူ့ကိုယ်သူ အလေးပြုချင်စိတ်ပါ ပေါက်သွားရ၏။ ထုံးစံအတိုင်း မှုတ်ဆိတ်ရိတ်ရန်အတွက် မေးတဝှိက်ကို ခရမ်လိမ်းလိုက်ပြီး တစ်ခါတည်းပါ အင်္ကျီကိုချွတ်လိုက်ကာ အဝတ်လျှော်မည့်တောင်းထဲ ပြစ်ထည့်လိုက်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Tempat cerita menjadi hidup. Temukan sekarang