Part 31 ချစ်ချင်တယ်...ချစ်နေတယ်...ချစ်ဦးမှာပါပဲ

379 56 2
                                    

အရှေ့ဘက်ခေါင်းရင်းအိမ်ဆီမှ မွေးထားသောကြက်ဖ၏ လင်းကြက်တွန်သံနှင့်အတူ ဘုန်းကြီးကျောင်းဆီမှ အုန်းမောင်ခေါက်သံကလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။ စဝ်မောင် သူ့ရင်ဘတ်ပေါ်တွင် တင်ထားသော လေးလံနေသည့် ဟိန်းဇော်ဦး၏ လက်မောင်းတစ်စုံကို အသာအယာတွန်းဖယ်လိုက်၏။ သူတွန်းဖယ်လိုက်သည့်အခိုက်သာ ဟိန်းဇော်ဦးဆီမှ ညည်းသံထွက်လာခဲ့ပြီး နောက်တော့လည်း ဘာမှမဖြစ်သလိုမျိုး ပြန်၍အိပ်မောကျသွားပြန်သည်။ စဝ်မောင် နှစ်ချိုက်စွာအိပ်ပျော်နေသည့် ဟိန်းဇော်ဦးအား တစ်ခါမှမမြင်ဖူးသည့်လူလို အချိန်တစ်ခုအထိ ငေးကြည့်နေမိပြီးနောက် သူအိပ်ယာထလိုက်ပါတော့၏။

ညောင်ရွှေမြို့၏ မနက်ခင်းလေနုအေးသည် သူ့မျက်နှာတည့်တည့်ကို ရိုက်ခတ်လာသည့်အခါ စဝ်မောင်၏စိုးရိမ်ပူပန်မှုများမှာလည်း ထက်ဝက်မျှ လျော့ကျသွားသည့်အတိုင်း။ တစ်ဘီးချင်းလှိမ့်နေသည့် စက်ဘီးကို ဖြေးဖြေးနှင့်မှန်မှန်နင်းရင်း ညောင်ရွှေမြို့တစ်ပတ်လုံးကိုပတ်ပြီး ချွေးထွက်သည်အထိ စီးနင်းလိုက်၏။ ပြီးတော့ သူအလောတကြီးအလျင်သလိုဖြင့် ဦးတည်လိုက်သည်က သူ့မိဘတွေရှိရာ ငွေပန်းထိမ်လုပ်ငန်းဆီသို့ဖြစ်သည်။

ငွေပန်းဒေါင်း ငွေပန်းထိမ်လုပ်ငန်း၏ ဆိုင်းဘုတ်သည် ခြံတံခါး၏အဝင်ဝနံဘေးမှာ သစ်သားဆိုင်းဘုတ်ဖြင့် ခန့်ညားလှပစွာစိုက်ထူထားပြီး မနက်စောစောမှာပင် အလုပ်ရုံတစ်ခုလုံးက စတင်အသက်ဝင်နေပြီဖြစ်သည်။ စဝ်မောင် ပြခန်းဘက်မသွားတော့ဘဲ အိမ်မကြီးရှိရာသို့သာ တန်းလာခဲ့ပြီး စက်ဘီးကို အိမ်ရှေ့မှာထားခဲ့လိုက်၏။

ဒီအချိန်ဆို ဖေဖေက အလုပ်ရုံထဲသို့ စီစဉ်ညွှန်ကြားရန် ရောက်နေတတ်ပြီး မေမေကတော့ ဘုရားဝတ်ပြုနေမည်မှာ ကျိန်းသေပါသည်။ သူထင်နေသည့်အတိုင်း အိမ်ထဲဝင်လိုက်သည်နှင့် အပေါ်ထပ်ဘုရားခန်းဆီမှ ဘုရားစာရွတ်သံကိုကြားရပြီး စဝ်မောင် အိမ်အပေါ်ထပ်သို့သာတန်း၍ တက်သွားလိုက်၏။ မျိုးဆက်သုံးဆက်တိုင်အောင် ကြာနေခဲ့ပြီဖြစ်သည့် ဤအိမ်ကြီးသည် ယခုထက်ထိတိုင်အောင် ခိုင်ခံ့မြဲမြံစွာတည်ရှိနေဆဲ။ လှေကားထစ် တစ်ထစ်ချင်းဆီက ထွန်းထုထားသည့် လှေကားလက်ရန်းမှ ပန်းကနုတ်လက်ရာများမှာ ပွတ်သပ်ကိုင်တွယ်လွန်းပါများသဖြင့် တဖြေးဖြေးချင်းပါးလိုက်နေပြီဖြစ်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Wo Geschichten leben. Entdecke jetzt