အချစ်စစ်ဟာ ဘာလဲဆိုသည့်မေးခွန်းကို သူ့ကိုမေးလာပါလျှင် စဝ်မောင်မည်ကဲ့သို့ ဖြေရမည်ကို မသိပါ။ မပြည့်စုံခြင်းတွေကို ဖြည့်တွေးစဉ်းစားပေးနိုင်မဲ့ နှလုံးသားတစ်စုံဟာ အချစ်စစ်ဖြစ်မလား။ ချစ်နေတာကပဲ အချစ်စစ်ဖြစ်မလား။ ချစ်မိလို့မဖြစ်မှန်း သတိထားနေလျက်နဲ့ ထိုသူကို ချစ်မိသွားပြီး မချစ်သင့်တော့ဘူးလို့ သိနေသည့်တိုင်အောင် ဆက်၍ဆက်ကာ ထပ်ခါတလဲလဲ ချစ်နေခဲ့ခြင်းကလား။ တကယ်ဆို အချစ်မှာ ပြီးပြည့်စုံခြင်းတွေမရှိ၊ မျှော်လင့်ထားသလို ဖြစ်လာခဲ့ခြင်းတွေမရှိ၊ ပန်းခင်းသောလမ်းလည်းမဟုတ်သလို ပျော်ရွှင်သာယာမှုတွေနှင့် ပြည့်နေသည့် ခိုလှုံရာနေရာတစ်ခုလည်းမဟုတ်။ တကယ်တော့ အချစ်ဟာ ဒုက္ခလေးတစ်ခုကို အိတ်ကပ်ထဲကောက်ထည့်လို့ ဟိုဟိုဒီဒီ သယ်ဆောင်သွားခြင်းပင်။ မပစ်ရက် မပယ်ရက်နဲ့ တယုတယမြတ်နိုးမိသည့် ဒုက္ခလေးတစ်ခုမျှပင်။
သို့သော် အချစ်ကိုဖော်ပြပုံခြင်းမတူညီသည့် သူတို့နှစ်ယောက်ကြားမှာ ခံယူချက်ခြင်းလည်း မတူညီကြပေ။ ချစ်ခြင်း၏ ဘာသာစကားတွေ ကွဲပြားသည့်အလျောက် နားလည်မှုပေးဖို့ ပိုလိုအပ်လာသည့် အခြေအနေတိုင်းမှာ ဘယ်သူ့က ဘယ်သူ့ကိုအလျှော့ပေးမှာလဲဆိုတာက အဓိကပြဿနာဖြစ်လာခဲ့သည်။
"မောင် ပရဟိတလုပ်နေတဲ့ ကျောင်းက ဘယ်ရွာကလဲ။ ဒီတစ်ခါသွားရင် ဟိန်းရောလိုက်ခဲ့လို့ရလား။"
ဟိန်းဇော်ဦး မိုးရေစိုသွားသည့် သံချောင်းတွေကို သံချေးမတက်အောင် ကော်ပတ်စားနေရင်း သူ့ရှေ့မှာ ထိုင်နေသည့် စဝ်မောင်ကို ကြားလောက်ရုံမေးလိုက်၏။ စဝ်မောင်က လုပ်လက်စတို့ကိုရပ်တန့်လိုက်ပြီး ဟိန်းဇော်ဦးအား မျက်မှောင်ကျုံ့၍ ကြည့်လာသဖြင့် ဟိန်းဇော်ဦး သူအတည်ပြောမှန်း ခေါင်းငြိမ့်ပြရသေးသည်။ ထိုအခါမှသာ စဝ်မောင်က ယုံယုံကြည်ကြည်ဖြင့် သူ့မေးခွန်းတို့ကိုပြန်ဖြေပေးပါသည်။
"ဘုရားတောင်ရွာ။ ဘာလဲ မင်းတကယ်လိုက်ချင်လို့လား။"
"ဒါပေါ့။ မောင့်ကိုပါရမီကူဖြည့်ပေးမလို့လေ။"
စဝ်မောင်က မယုံသင်္ကာမျက်လုံးတွေဖြင့် ဟိန်းဇော်ဦးကို လှမ်း၍ကြည့်သည်။
ESTÁS LEYENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficción Generalတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-