ရှမ်းအသံထွက်ဖြင့်ဆို ဟိုင်းယဟု ခေါ်ဆိုသော ဟဲယာရွာမ၏ အဓိပ္ပာယ်မှာ ဆေးဖက်ဝင်အပင်များ ပေါများသော အရပ်ဒေသဖြစ်သည်။ အင်းလေးကန်ကြီးတွင်း တည်ရှိသော ရွာကြီးဗန်းပုံ၊ နန်းပန်ရွာ၊ နောင်တောရွာ၊ ဟဲယာရွာမဆိုပြီး ရွာကြီးလေးရွာထဲမှ အိမ်ခြေ ၁၃၀၀ ကျော်နှင့် အထက်တန်းကျောင်း နှစ်ကျောင်းရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး အများစုက ငွေထည်လုပ်ငန်း၊ ချည်လုပ်ငန်းဖြင့် အသက်မွေးကြပြီး ရေလုပ်ငန်းလုပ်သူတော့ အနည်းငယ်သာရှိ၏။ ဟိုးအရင်နှစ်တွေတုန်းကတော့ ဟိုင်းယရေပေါ်ဈေးမှာ အလွန်စည်းကားနာမည်ကြီးခဲ့ပြီး အခုတော့ ထိုဓလေ့မှာ ကွယ်ပျောက်သွားခဲ့ပြီဟု မောင်ကရှင်းပြသည်။
စဝ်မောင်က လှေကို ကိုယ်တိုင်လှော်ပြီး ဟိန်းဇော်ဦးကို နေရာစုံ၊ လုပ်ငန်းစုံလိုက်ပို့ပြီး ငွေထည်လုပ်ငန်းနှင့် ပတ်သက်သမျှကို အသေးစိတ်ရှင်းဆို ပြောပြသလို ဟိန်းဇော်ဦးကလည်း သူတွေ့မြင်သမျှ အရာရာကို လက်ထဲက ကင်မရာဖြင့် မလွတ်တမ်း မှတ်တမ်းတင်နေခဲ့၏။ တစ်ခုထူးဆန်းတာက သူ့မှတ်တမ်းပုံတွေရဲ့ တစ်ဝက်ဟာ စဝ်မောင်ရဲ့ပုံတွေသာ ဖြစ်နေခဲ့ခြင်းပင်။
အင်းရဲ့အရှေ့အနောက်၊ တောင်နှင့်မြောက်ကို ကူးသန်းသွားလာကာ ထိုအင်းထဲမှာသာ ကြီးပြင်းခဲ့သော စဝ်မောင်အတွက် လှေလှော်သည့်အတတ်က ကျွမ်းကျင်အဆင့်မှာရှိ၏။ အင်းလေးရေပြင်ကျယ်ကြီးထဲမှာ စက်နှင့်တပ်လှော်သည့် လှေရှိသလို အခုလို အိမ်သုံးလှေကလေးတွေမှာတော့ အများစုက လှော်တက်နှင့်ခြေထောက်ကို အသုံးပြုပြီး လှော်ကြသည်။ အင်းရေပြင်ကျယ်နဲ့ ရှမ်းတောင်တန်းတွေရဲ့ အလှကြားမှာ လှေလှော်နေသည့် ကောင်လေးရဲ့ပုံရိပ်ပါ ထပ်လောင်းထည့်လိုက်လျှင် ဟိန်းဇော်ဦး သူ့ရဲ့မြင်ကွင်းကို ရှုမဝနိုင်ပါဟု အမွှမ်းတင်ချင်သည်။
မေးသိုင်းကြိုးလေးတင်းအောင် ချည်ပြီး ဝါးခမောက်စောင်းထားသည့် စဝ်မောင်ကို မကြာခဏဆိုသလို ငေးကြည့်ရင်း ခမောက်ဆောင်းထားသော်လည်း ချွေးစလေးတွေ နားထင်စပ်မှာစီးကျလာရင်၊ နေထိုးတဲ့အခါ စဝ်မောင်ရဲ့မျက်ခုံးတွေပါ တဖြေးဖြေးချင်း လိုက်ကျုံ့သွားရင်၊ တစ်ချက်တစ်ချက် လှေလှော်နေသည့် ခြေထောက်လေးကို လှေနှုတ်ခမ်းပေါ်တင်ပြီး ရပ်နားလိုက်ရင်၊ အင်းလေးချည်အင်္ကျီပွပွကြီး လေတိုးလို့ တစ်ဖက်လှန်သွားရင်၊ လှုပ်ရှားမှုတစ်ခုဆီတိုင်းမှာ ပရမ်းပတာ ရင်ခုန်သွားရသည့် သူ့အဖို့တော့ အဲ့ဒီညက အိပ်မက်တွေ မေ့မရခဲ့။
ESTÁS LEYENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficción Generalတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-