Part 15 နှင်းဆီသက်သေ

477 68 8
                                    

အင်းလေး၏မနက်ခင်းသည် ဖြူစင်မှုအပြည့်ဖြင့် နှိုးထလာသော ကလေးငယ်လို သစ်လွင်လန်းဆန်းလျက်ရှိသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တိမ်တိုက်တွေဟာလည်း ပို၍ကြည်စင်တောက်ပလို့နေပြီး တနေ့တာကို ကောင်းနိုးရာရာ မျှော်လင့်ချက်ရောင်ခြည်အပြည့်ဖြင့် အစပြုကြရပြန်၏။ အင်းရေပြင်ကျယ်ကို ဖြတ်ကျော်သွားသည့် လှေတစ်စီးမှာတော့ ဆွမ်းခံထွက်လာသည့် ကိုယ်ရင်လေးများကို တင်ဆောင်ထားပြီးအနားမှာ ကိုယ်ပိုင်အိမ်စီးလှေငယ် အသီးသီးဖြင့် ဆွမ်းလောင်းနေကြသည့် အင်းသားတို့ရဲ့ သဒ္ဒါတရားကလည်း ထက်သန်မှုကြည်စင်စွာ။ ထို့အတူ ကိုရင်လေး တီးလိုက်သည့် ကြေးစည်သံကလည်း နားဝင်ချိုလှပါသည်။

အနည်းငယ် နေမြင့်လာသည်နှင့် ဖောင်တော်ကြီးဘုရားဆီသို့ ဈေးရောင်းထွက်ကြမည့် အင်းဆားသူတို့ကအင်းခမောက်ကိုယ်စီ၊ ချည်လက်ရှည်ဖြင့် မိမိတို့ကုန်ပစ္စည်းများကို သယ်ဆောင်လို့ ထွက်ခွာသွားကြ၏။ ဒီအချိန်ဆို ညောင်ရွှေဈေးပြန်တွေလည်း ရောက်လာတော့မည်။ ဈေးကြီးနေ့ ရောက်သည်နှင့် အင်းဒေသထွက်ကုန်တို့ကို ညောင်ရွှေဈေးမှာ သွားရောင်းကြရသည်။ ထိုမှတဖန် ညောင်ရွှေဈေးမှ လိုအပ်သည်များ ပြန်လည်ဝယ်ယူလာ၍ အင်းလေးမှာ ပြန်လည်ရောင်းချပြန်သည်။ သူတို့မှာ နှစ်ပြန်ဈေးသည်များပင် ဖြစ်၏။ ခပ်လှမ်းလှမ်းဆီက လှေခတ်သံတွေ ကြားနေရပြီး ရေလုပ်သားတို့ဟာလည်း နေမင်းနဲ့အတူတာဝန်ကျေဖို့အတွက် လုပ်ငန်းစရလေပြီ။

ကင်းခြေများခြေထောက်လို ရှုပ်ထွေးနေသည့် သစ်တိုင်လုံးတွေ အများအပြားဖြင့် တည်ရှိနေသော အင်းလေးပုံဆောင် ပျဉ်ထောင်အိမ်လေးရဲ့ အရှေ့ကွပ်ပြစ်ပေါ်မှာတော့ တပျဉ်ခွေလေးထိုင်ကာ ကြာသင်နေသည့် အမျိုးသမီးတစ်ယောက်ရှိ၏။ သူ့မျက်နှာဝိုင်းဝိုင်းလေးက နုနယ်သေးလှသော်လည်း ကြာမျှင်ထုတ်နေသည့် သူ့လက်တွေကတော့ လက်သည်းခွံတွေအထိ ဆေးဆိုးထားသလို မည်းညစ်လျက်ရှိသည်။ သူ့ပေါင်ပေါ်မှာက ကြာအစီးကျခြင်းမှ ကာကွယ်ရန်အတွက် ပိတ်စတစ်ခုကိုတင်ထားပြီး အရှေ့မှာတော့ ကြာမျှင်ထုတ်သည့် စားပွဲခုံပုလေးတစ်လုံးရှိသည်။ ညာဘက်မှာတော့ ကြာမျှင်မထုတ်ရသေးသည့် ကြာရိုးအပုံလိုက်ရှိပြီး ဘယ်ဘက်မှာတော့ အမျှင်ကုန်သွားသည့် ကြာရိုးအပိုင်းပြတ်ကလေးများ ပုံထားလျက်ရှိ၏။ အမျိုးသမီးငယ်ဟာ အလုပ်လုပ်နေရင်းမှ အိမ်အတွင်းထဲသို ခေါင်းလေးငှဲ့ကြည့်တတ်သော်လည်း များသောအားဖြင့်တော့ အိမ်ရှေ့ကနေ တစ်စုံတစ်ယောက်ပြန်အလာကိုသာ စောင့်မျှော်နေပုံရသည်။ သူ့အိမ်အောက်မှာတော့ လှော်တက်မပါသည့် လှေငယ်တစ်စီးကို လှေကားအစပ်မှာ တွဲချည်လို့ထား၏။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Where stories live. Discover now