Part 39 Zawgyi (ဇာတ်သိမ်းပိုင်း)

148 0 0
                                    

"အချစ်၏အရောင်"

တွားသွားတတ်လာတဲ့ နံနက်ခင်းမှာ၊

နမ်းခွင့်မရှိတဲ့ ပါးပြင်တစ်ဖက်မှာ၊

အခန်းထောင့်က ခုတင်လေးအစွန်းမှာ၊

သေလုဆဲဆဲ ညနေခင်းတွေ...

ကစဉ်ကလျား အိပ်မက်တွေ...

နာကျင်ကိုက်ခဲ ဝေဒနာတွေနဲ့ တမ်းတခဲ့ရ...

ဟောဒီမှာ လွှတ်ကျခဲ့တဲ့ ချယ်ရီပန်းကလေး

ဟောဟိုမှာ အလွမ်းသင့်တဲ့ သူ့နှုတ်ခမ်းလေး

နိဂုံးချုပ်တော့...

ပန်းနုရောင်ဖျော့ဖျော့ သူ့အပြုံးလေး။

.............."မောင်... မနက်စာ စားလို့ရပြီနော်။"

သုံးထစ်မျှသာရှိသော သစ်သားလှေကားကို ဟိန်းဇော်ဦး နှစ်ထစ်လောက်ကျော်ခွလိုက်သည့်အခါ မြန်မြန်ဆန်ဆန်ပဲ အိမ်ရှေ့ဧည့်ခန်းသို့ ရောက်သွားတော့သည်။ သူ့လက်ထဲအပြည့်ရှိနေသော ဈေးထဲမှဝယ်လာသည့် စားစရာအထုပ်များကို စားပွဲခုံပေါ်တင်လိုက်ပြီး အခန်းထဲမှ မောင်၏တုံ့ပြန်ချက်ကို နားစွန့်လိုက်ရာ တိတ်ဆိတ်ငြိမ်သက်နေပြန်သည်။ သူ ကားသော့ကိုနံရံမှာချိတ်ခဲ့ပြီး ချထားသည့်လိုက်ကာစလေးဖယ်ကာ အခန်းထဲဝင်လိုက်တော့ မောင်က မှန်ရှေ့မှာ မတ်တပ်ရပ်နေ၏။ ဟိန်းဇော်ဦး လက်နှစ်ဖက်ကိုပိုက်လို့ မောင်ရှိရာနား တိုးကပ်သွားလိုက်ပါသည်။

"ဘာလို့ပြန်မထူးတာလဲ...။"

"ဒီအင်္ကျီက ကြယ်သီးတပ်ရတာခက်နေတယ်။ အရင်က သူများတပ်ပေးလို့လား မသိဘူး။"

စဝ်မောင်က အနောက်သို့လှည့်မကြည့်ဘဲ ကိုယ်လုံးပေါ်မှန်မှတဆင့် ဟိန်းဇော်ဦးအား လှမ်းကြည့်ပြီး ပြော၏။ ပိုးသားအထူနှင့်ယှက်ထားသည့် ငုဝါရောင်ဖျော့ဖျော့ရိုးရာဝတ်စုံမှ အပေါ်ထပ်သည့် အင်္ကျီလက်ရှည်ကို မောင်က ကြယ်သီးတပ်မရဟု ပြောဟန်တူပါသည်။

"ဟိန်းကို လှည့်ပြပါအုံး။"

လက်ဖြင့်တစ်ခုချင်းကို အနုစိတ်ထိုးထားဟန်ပေါ်သည့် ငွေချည်အနားသတ်ကလေးတွေ ကြားထဲမှာ ကျောက်ကလေးတွေ အစီအရီမြှပ်လို့ထားသည်။ အင်္ကျီလည်ထောင်မှ ရင်ကွဲပုံစံချုပ်ထားသည့် အပေါ်ဝတ်ကလေးမှာ ရွှေကွပ်ထားသည့် ကျောက်ကြယ်သီးကလေးတွေ အရှင်ဖြုတ်ပြီး ပြန်တပ်ဝတ်ရသဖြင့် စဝ်မောင်က မဝတ်တတ်တော့ခြင်းပေ။ အရင်ကတော့ ကြယ်သီးတပ်ပေးမည့်သူ ရှိခဲ့ပါလိမ့်မည်။ အခုတော့ ဒီအခန်းထဲမှာ သူ့အပြင် ဟိန်းဇော်ဦးတစ်ယောက်သာ ရှိပါ၏။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Onde histórias criam vida. Descubra agora