အငြိုးကြီးစွာ မှောင်တက်လာသည့် တိမ်လိပ်တွေဟာ မကြာပါဘူး ရန်ကုန်မြို့ရဲ့ကောင်းကင်မှာ မိုးရေစက်တွေအဖြစ် ပြောင်းလဲရွာသွန်းလာခဲ့သည်။ ရုံးသွားခါနီးမှ ရွာသည့်မိုးမို့ အကောင်းမြင်သူနည်းနည်း အဆိုးမြင်သူများများဖြင့် မနက်ခင်းစောစောစီးစီး သွားလာရမည့်သူတို့၏ အပြစ်တင်သံတို့ကလည်း ထွက်ပေါ်လာခဲ့၏။ ဟိန်းဇော်ဦး ရုံးသွားရန်အတွက် ပြင်ဆင်ပြီး တိုက်ခန်းတံခါးကို သော့ခတ်နေတုန်း အောက်ထပ်မှ အိမ်နီးချင်းအမ၏ တံခါးဖွင့်နေရင်း တဗြစ်တောက်တောက်ပြောသည့် အသံကိုကြားလိုက်ရသည်။ မန္တလေးသူဖြစ်သောကြောင့် အပြင်သွားတိုင်း ထီးသယ်လေ့မရှိသည့် အမက အခုတစ်ခေါက်လည်း ဈေးမှအပြန်မိုးမိလာခြင်း ဖြစ်ပုံပေါ်သည်။ သူဝယ်လာသည့် ပစ္စည်းတွေကို ကြမ်းပေါ်ချရင်း အခန်းတံခါးသော့ကို ဖွင့်နေသော်လည်း တော်ရုံနှင့်တံခါးက မပွင့်နိုင်ဘဲရှိရာ ဟိန်းဇော်ဦးလည်း အောက်သို့ဆက်မဆင်းနိုင်ဘဲ ဟင်းချက်စရာအထုပ်တွေ ချထားသည့် လှေကားမှာပိတ်လို့နေသည်။
အပြင်ဘက်မှာ တဝေါဝေါရွာသွန်းနေသည့် မိုးသံလေသံကြောင့် တစ်ယောက်ကိုတစ်ယောက် အော်ပြောမှကြားနိုင်မည့် အခြေအနေမှာ ဟိန်းဇော်ဦး သူ့ကိုကူညီပေးဖို့အတွက် ကမ်းလှမ်းလိုက်ပါ၏။ အိမ်နီးချင်းအမရဲ့အခန်းသော့ကို ရှောရှောရှူရှူ ဖွင့်ပေးလိုက်နိုင်သည့် နောက်မှာတော့ သူလည်းပဲ ရုံးသွားဖို့အတွက် တိုက်အောက်ကို အောင်မြင်စွာဆင်းလာနိုင်ခဲ့သည်။ အောက်ဆုံးထပ်မှာ ကုန်စုံဆိုင်ဖွင့်ထားသည့် အန်တီက ဟိန်းဇော်ဦးကိုမြင်တော့ ရုံးသွားတော့မလို့လားဟု လှမ်းအော်မေးကာ နှုတ်ဆက်သဖြင့် ပြန်လည်နှုတ်ဆက်ရသေးသည်။
ကားဆီကိုရောက်အောင် ထီးဖွင့်ဆောင်းပြီးသွားသော်လည်း ပလက်ဖောင်းပေါ်မှာ လူတွေများနေသဖြင့် ဟိုရှောင်ဒီရှောင်လုပ်ရလေရာ သူကားပေါ်ရောက်တော့ပင် အင်္ကျီကို မိုးစက်တစ်ချို့စိုနေခဲ့ပြီ။ ဟိန်းဇော်ဦး ထီးကိုပြန်ခေါက်ကာ ကားနောက်ခန်းထဲ ပြစ်ထည့်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေကာ နေ့၏အလင်းရောင်မရှိသည့်အတွက် ကားမီးကို အရှေ့အနောက်ဖွင့်ကာ မောင်းရသည်။ ဒီလိုမျိုး ရုံးဖွင့်ရက်ရုံးသွားခါနီးမှာ မိုးတွေသည်းတဲ့နေ့တွေဆို ရန်ကုန်မြို့က ပုံမှန်ထက် ကားပိုကျပ်ပါ၏။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-