နွေဟာ နွေပီသစွာနဲ့ပဲ နောက်တစ်ကြိမ်ရောက်ရှိလာချိန် ညောင်ရွှေမြို့ရဲ့နေရာတိုင်းဟာ တိတ်ဆိတ်သော ခြောက်သွေ့ခြင်းဖြင့် ဟိန်းဇော်ဦးကို ကြိုဆိုလျက်ရှိသည်။ အင်းလေးကန်ရေကျချိန်မို့ ခရီးသွားလာသူနည်းပြီး ကျောင်းတွေလည်း ပိတ်သဖြင့် သာမန်အချိန်ထက် ပို၍ငြိမ်သက်နေသော မြို့ငယ်ကလေးကိုကြည့်ရင်း ဟိန်းဇော်ဦး ပိုမိုစိတ်လှုပ်ရှားခဲ့ရ၏။ ကားဂိတ်အထိလာကြိုပေးသော ကိုနိုင်က နောက်တစ်ကြိမ် ညောင်ရွှေမြို့ကိုရောက်လာသည့် သူ့ကို ချီးကျူးစကားတွေပြောနေသော်လည်း သူကတော့ ဒီအတောအတွင်း မောင်ဘာတွေပြောင်းလဲသွားလိမ့်မလဲဟုသာ ဆက်တိုက်တွေးနေခဲ့သဖြင့် ကိုနိုင့်စကားတွေကို ဟက်ဟက်ပက်ပက် ပြန်ဖြေဆိုခဲ့ခြင်းမရှိ။
ဒီတစ်ကြိမ်လည်း အကြောင်းပြချက်တစ်ခုသာ ဖြစ်နိုင်ပေမဲ့ ငွေထည်လုပ်ငန်းနှင့်ပတ်သက်တာကို လေ့လာရန်ဟု နာမည်တပ်ပြီးလာခဲ့ခြင်းဖြစ်သည်။ သို့သော် အရင်တစ်ခါကလို လုံးဝဥသုန် အလိမ်အညာတစ်ခုတော့ မဟုတ်ပေ။ စဝ်မောင်ကိုယ်တိုင် ယုံကြည်လက်ခံနိုင်လောက်မည့် သက်သေအထောက်အထားတွေကိုလည်း စာတိုက်မှတဆင့် ပို့ပေးခဲ့ပြီး ကိုနိုင်ကိုယ်တိုင်လည်း ဟိန်းဇော်ဦးရေးခဲ့သည့် ဆောင်းပါးကို မောင့် မိဘတွေလက်ထဲအရောက် သွားမိတ်ဆက်ပေးခဲ့ပြီ မဟုတ်လား။ သေချာပါတယ် မောင် သူ့ကိုနှင်ထုတ်ချင်ရင်တောင် ပထမတစ်ကြိမ်ကလိုတော့ လွယ်ကူတော့မည်မဟုတ်။ ထို့အပြင် မောင့်အနား ရောက်ဖို့အတွက် ခက်ခက်ခဲခဲ ခေါင်းစားနေရတော့မည် မဟုတ်ဘဲ အလွယ်တကူ ချည်းကပ်နိုင်တော့မည် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ ဆောင်းပါးထည့်နိုင်ဖို့ဆိုတာ တော်ရုံအရည်အချင်းမျိုးနဲ့ မရနိုင်ပေ။ အထူးသဖြင့် သုတစာပေတွေကို ကျောင်းသူ ကျောင်းသားများက တာဝန်ယူရေးသားခြင်းမရှိဘဲ ဆရာ၊ သို့မဟုတ် ဆရာမတွေကသာ ရေးသားကြတာမဟုတ်လား။ တနည်းအားဖြင့် ဟိန်းဇော်ဦး ရေးသားခဲ့သည့် ဆောင်းပါးခေါင်းစဉ်နှင့် ပေးပို့ခဲ့သည့် ပုံတွေအားလုံးက မရည်ရွယ်ပါဘူးပြောရင်တောင် စဝ်မောင်နှင့်အတူ သုံးလကျော်လေးလနီးပါး အတူနေပြီး လေ့လာခဲ့သည့် အတွေ့အကြုံတွေမို့ စာတမ်းပြုစုထားသလို တိကျသေချာနေခဲ့ပြီး အားလုံးက သဘောကျလက်ခံကြသည်။ ဟိန်းဇော်ဦးကိုယ်တိုင်လည်း ဆောင်းပါးနဲ့ပတ်သက်ပြီး ဆရာတွေမေးသမျှ ဖြေနိုင်ဖို့အတွက် များပြားလှသော အားစိုက်ထုတ်မှုများ ထည့်ခဲ့ရ၏။ အခုဆိုရင် သူ့ရဲ့ကြိုးစားမှုတွေက အရာထင်ခဲ့ပြီမို့ မောင်နဲ့နီးဖို့ လက်တစ်ကမ်းသာ လိုပါတော့သည်။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-