ဟိန်းဇော်ဦး မှေးခနဲအိပ်ပျော်သွားရာမှ မျက်နှာပေါ်ကို တပေါက်ပေါက်ကျလာသည့် မိုးစက်တို့လှုပ်နှိုးမှုကြောင့် လန့်ပြီးနှိုးသွားရ၏။ ငြိမ့်ငြိမ့်ကလေး တိုက်နေသော ရှမ်းတောင်တန်းတွေဆီမှ လေသည် မိုးနှင့်ပေါင်းသွားသည့်အခါ အင်းရေပြင်ကို လှိုင်းထစေရာ သူလိုက်ပါနေသည့် လှေငယ်ကလေးလည်း ယိမ်းခါလို့သွားသည်။ မပွင့်ချင်ပွင့်ချင်နဲ့ သူ့မျက်လုံးတွေ ကြိုးစားပြီး ဖွင့်လိုက်ချိန်မှာတော့ ငွေလရောင်ခြုံလွှမ်းထားသည့် အင်းရေပြင်အလယ်မှာ လှေငယ်ဟာ လူနေအိမ်တွေနဲ့ ခပ်ဝေးဝေးဆီ မျှောလွင့်လို့နေဆဲ။
တရွေ့ရွေ့ဝေးကျန် အိမ်ငယ်တွေဟာ သူ့အမြင်အာရုံမှာ သဲ့သဲ့ကလေးသာ ထင်ဟပ်တော့ချိန် ရုတ်တရက်ကြားလိုက်တာဟာ မိုးခြိမ်းသံလား ရင်ခုန်သံလား။ မိုးမှုန်တွေလား ကြည့်လေသမျှကို ဝေဝါးစေတာ မျက်ရည်တွေလား။ ထိုအခိုက် လေကမိုးစက်တွေကိုလုံးထွေးပြီး ခပ်ပြင်းပြင်းတစ်ချက် မွှေ့ယမ်းလိုက်တော့ ဟိန်းဇော်ဦး လှေနံရံနှစ်ဖက်ကို တင်းနေအောင်ကိုင်ပြီး လှန့်အော်လိုက်မိ၏။ လှေမှောက်တော့မှာလားလို့ တွေးမိချိန်မှာ သူ့ရင်ထဲတမ်းတမိတာက မောင့်ကိုပင်။
အနားမှာရှိနေပေးပါလားလို့ တောင်းဆိုရအောင်လည်း ဝေးဝေးပြေးမိစေဖို့ ခြောက်လွှတ်ခဲ့တာက သူကိုယ်တိုင်ပဲ မဟုတ်လား။ ရောထွေးလာတဲ့ မိုးသံလေသံတွေကြား ဟိန်းဇော်ဦး ရေမကူးတတ်တာကို တွေးမိတော့ သူ့အသိစိတ်တစ်ခုလုံး မိုးကြိုးနဲ့ပြစ်ချလိုက်သလို လက်ရှိဖြစ်ရပ်အပေါ် သတိဝင်သွားရ၏။
တဖြေးဖြေးချင်း သည်းလာသည့် အင်းလေးမိုးမှာ သူ့တစ်ကိုယ်လုံး စိုစိုရွဲသွားရသည်။ လှေဟာ ဘယ်ညာယိမ်းထိုးနေပြီး မှောက်မသွားအောင် ထိန်းညှိထားရင်းမှ လှေဝမ်းထဲ ဝင်လာသည့်ရေတွေကြောင့် ဟိန်းဇော်ဦးတစ်ယောက် ခေါင်းပူသွားရ၏။ လှေမှောက်လို့လည်း မသေချင်သလို လှေမြှပ်ပြီး ရေနစ်လည်း မသေချင်သေးတာမို့ သူ အရဲစွန့်ကာဖြင့် ထိုင်နေရာမှ လေးဘက်ကုန်းထောက်ပြီး လှေထဲမှာ ကော်ခပ်စရာတစ်ခုခုများ ပါလေမလား လိုက်ရှာရတော့သည်။
CZYTASZ
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-