ဟိုးအဝေးမှ လှမ်းမျှော်ကြည့်ရုံနှင့် အိမ်ခေါင်မိုးချွန်ချွန်ပါရှိသော နှစ်ထပ်တိုက်အိမ်လေးဟာ ခေတ်နှစ်ခတ်ရဲ့အလယ်မှာ ပိတ်မိနေသော ဖန်တီးမှုအငွေ့အသက်တွေဖြင့် ရန်ကုန်မြို့လယ်ခေါင်မှာ အေးချမ်းငြိမ်သက်စွာတည်ရှိနေသည်။ ခြံရှေ့မှာတော့ တောင်ပေါ်နှင်းဆီရိုင်းတွေကို အုံလိုက်ပျိုးထားပြီး ပန်းပွင့်တစ်ပွင့်ဆီတိုင်းဟာ လက်သီးဆုပ်အရွယ်မကအောင် ကြီးမားလှ၏။ တခြားသော ပန်းပင်တွေကိုလည်း ခြံရှေ့ဘေးနှစ်ဖက်မှာ အိုးလေးတွေဖြင့် စိုက်လို့ထားတာကြောင့် ရောင်စုံပန်းလေးတွေ ဖူးပွင့်နေကြသည့်မြင်ကွင်းက အပြင်မှအပူတွေဟာ အိမ်ထဲမဝင်ခင်မှာပဲ ငြိမ်းသတ်ခံလိုက်ရသလိုမျိုး မြင်ရသူကို စိတ်အေးချမ်းစေသည်။
ဟိန်းဇော်ဦး မိဘနှစ်ပါးလုံးက သူ့ကို မွေးပြီးနောက် နိုင်ငံခြားမှာအလုပ်သွားလုပ်ကြတာမို့ ဟိန်းဇော်ဦးက အဘိုးအဘွားလက်ထဲမှာသာ ကြီးပြင်းလာရသဖြင့် သူ့အတွက်တော့ ဒီအိမ်လေးဟာလည်း နှစ်တွေကြာလာသည့်တိုင် မပြောင်းမလဲ ထိုအတိုင်းသာ။ ပြတင်းတံခါးပေါက်တွေ အများကြီးဖြင့် အဖြူရောင်နှစ်ထပ်တိုက်လေးဟာ ငယ်စဉ်တုန်းက သူ့မျက်လုံးထဲမှာ ကြီးကျယ်ခဲ့သလောက် အခုပြန်ကြည့်တော့လည်း ခေတ်မဆန်သည့် သာမန်အိမ်လေးတစ်လုံးအဖြစ်သာ ခံစားရ၏။ ထို့အပြင် တစ်နှစ်ထက်တစ်နှစ် အိမ်လေးဟာ ပိုအိုလာပြီး ပို၍သေးလာသယောင် ခံစားမိတာက သူပဲအရွယ်ရောက်လာလို့လား။
ဘိုးဘိုးဘွားဘွားရဲ့ အိမ်ကလေးမှာ အခုတော့ ဘွားဘွားတစ်ယောက်တည်းသာ ကျန်ရှိတော့သဖြင့် အိမ်ဟာတိတ်ဆိတ်ပြီးနောက် အနည်းငယ် အထီးကျန်နေ၏။ ဘိုးဘိုးရှိတုန်းကဆို အိမ်ရှေ့ရောက်သည်နှင့် ကတ်ဆက်သံကို အရင်ကြားရတာမဟုတ်လား။
ဘွားဘွားကြိုက်တဲ့ သစ်ခွပန်းလေးတွေဟာ အိမ်တံတိုင်းရဲ့နံရံမှာ တန်းစီတွဲချိတ်ထားပြီး တစ်ချို့တလေမှာ အပွင့်လေးတွေပွင့်လို့နေသည်။ ဟိန်းဇော်ဦး ထိုမြင်ကွင်းတွေကို ကျော်ဖြတ်ပြီးနောက် အိမ်ထဲဝင်လိုက်သည့်အခါမှာတော့ ဖေဖေ၊ မေမေ နဲ့ တူမလေးနှစ်ယောက်ဟာ တစ်ဦးတည်းသော အဘွားကို အဖော်ပြုလျက် ဧည့်ခန်းထိုင်ခုံမှာ သူ့ကိုအသင့်စောင့်ကြိုနေတာကို တွေ့လိုက်ရ၏။
DU LIEST GERADE
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Aktuelle Literaturတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-