"ရန်ကုန်မှာလည်း ရန်ကုန်လက်ရာ၊ မန္တလေးမှာလည်း မန္တလေးလက်ရာ၊ ရှမ်းပြည်မှာတော့ ရှမ်းပြည်လက်ရာပေါ့။ နောက်လမ်းကြုံရင် ဝင်လေ့လာကြည့်ပါ။ လူမျိုးတစ်ခုရဲ့အမွေအနှစ်က အဲဒီအလုပ်ကို လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူမျိုးတိုင်းနဲ့သက်ဆိုင်ပါတယ်။"
ရေမျှောစိုက်ခင်းတွေကို ရှောင်တိမ်းရင်း လှော်ခတ်လာသည့် သူတို့နှစ်ယောက်ရဲ့ လှေငယ်ဟာ မနီးမဝေးမှ မိုင်းသောက်တံတားကို လှမ်း၍မြင်နေရသော အနေအထားတစ်ခုမှာဖြစ်၏။ ငြိမ်သက်နေသော ကန်ရေပြင်ကို လှော်တက်ဖြင့် လှော်ခတ်လိုက်သည့်အခါ ရေလှိုင်းတွေတစ်ဆင့်ချင်း တုန်လှုပ်သွားပုံက ဗျပ်စောင်းတစ်လက်တီးခတ်စဉ် သံစဉ်လှိုင်းတွေလွှင့်စင်လာသလိုမျိုး နုညံ့ငြင်သာလွန်း၍ မိန်းမောဖွယ်ကောင်းလှပါသည်။ ထိုသို့မိန်းမောဖွယ်ကောင်းအောင် ပြီးပြည့်စုံနေသည့် ညနေခင်းမှာ ဟိန်းဇော်ဦး ငေးကြည့်နေမိတာက မောင့်မျက်နှာလေးကိုပင်ဖြစ်ပြီး မောင်ကတော့ တိမ်တွေတောင်တွေနဲ့ တခြားအရာဝတ္ထုတွေဆီ။ ပြီးတော့ အမွေအနှစ်နှင့်သက်ဆိုင်သည့် အကြောင်းအရာခေါင်းစည်းတွေကို ဟိန်းဇော်ဦးအား ဆွေးနွေးပြောကြားလို့နေ၏။ ဒီလောက်ထိ အချက်ပြမှုများစွာကို ပြုလုပ်ပြီးသည့်တိုင်အောင် စဝ်မောင်က ဟိန်းဇော်ဦးကို သူ့တပည့်လေးတစ်ယောက်လိုပဲ သင်ကြားပြသနေသည်မှာ အံ့ဩဖွယ်ကောင်းသော ခေါင်းမာမှုတစ်မျိုးပင်ဖြစ်သည်။ သို့သော် ခေါင်းမာမှုသပ်သပ်ဖြင့် ငြင်းဆန်မှုမြောက်သည်တော့ မဆိုနိုင်သေးပေ။
ဟိန်းဇော်ဦးနှင့် စဝ်မောင်က လှေဝမ်းထဲတွင် မျက်နှာချင်းဆိုင်၍ထိုင်နေကြသည်ဖြစ်ရာ သူတို့နှစ်ယောက်လုံး၏ ဒူးခေါင်းတွေက တစ်ချက်တစ်ချက် ထိခိုက်ပွတ်တိုက်လို့နေသည်။ တစ်ယောက်သာ ဆန့်သည့်လှေငယ်ကို အရွယ်ရောက်ပြီးသား ယောကျ်ားနှစ်ယောက် ထိုင်သည့်အခါ လှေဝမ်းအကျယ်ဟာ ထင်သလောက် မကျယ်တော့ပေ။ တရွေ့ချင်းသွားနေသော်လည်း လွတ်မြောက်နိုင်မည်မဟုတ်သည့် ထိုနေရာအကျယ်အဝန်းမှာ ကပ်ကပ်သပ်သပ် ဘယ်လိုပင်ထိုင်နေပါစေ သူတို့နှစ်ယောက်ရဲ့အသိစိတ်တွေဟာ ထိုအရာအပေါ် အာရုံလွှဲ၍မရသေးပေ။ ကုန်းလမ်းလို ဆူးညှောင့်ခလုတ်တော့ မရှောင်ရပေမဲ့ ရေလမ်းမှာလည်း ကျွန်းမျောနှင့်ဒိုက်ပင်တွေကို တိမ်းရှောင်နေရစမြဲ မဟုတ်လား။ ဒီလိုနဲ့ ဟိန်းဇော်ဦး စဝ်မောင်ပြောနေသည့် ခေါင်းစည်းတွေကို စိတ်မရောက်တော့သည်မှာ ကြာပြီဖြစ်သည်။
VOUS LISEZ
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Fiction généraleတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-