စဝ်မောင် သူ့နံဘေးက ကားမှန်ကိုချထား၍ လေတဖြူးဖြူးအဝင်ခံကာ စိတ်တွေကို လွင့်ချင်ရာလွင့်ပေးလိုက်သည်။ တောင်ပေါ်အဆင်းလမ်းဟာ တစ်ချက်တစ်ချက် ထိတ်လန့်ချင်စရာကောင်းပြီး ခဏအတွင်းမှာပဲ တောပန်းတွေအပြည့်ဖြင့် သိပ်ကိုလှပသည့်ပန်းချီကားအသွင် ပြောင်းသွားပြန်သည်။ အဝါရောင်နှမ်းပန်းခင်းတွေကို ငေးမောကြည့်ရှုနေရာမှ တောင်ယာမှပြန်လာသည့် ရွာသူရွာသားများကိုတွေ့လျှင် စဝ်မောင်က ဟိန်းဇော်ဦးကို ကြို၍အရှိန်လျှော့ခိုင်းတတ်ပြန်သည်။
ဟိန်းဇော်ဦးက လမ်းအပေါ်သာ အာရုံစိုက်နေရသဖြင့် မတုန်မလှုပ်ဆိုပေမဲ့ မောင်ခိုင်းလျှင်တော့ ချက်ချင်းလုပ်ပေးရှာပါ၏။ မောင်က ကားကိုရပ်ဆိုလျှင်လည်း ရပ်ပေးရပြီး သွားဆိုမှသာ ဆက်သွားရသည်။ မောင်ကတော့ တသက်လုံး ကားမမောင်းခဲ့သဖြင့် မသိလောက်ပေမဲ့ ကြာတော့လည်း ဟိန်းဇော်ဦး စိတ်မရှည်ဖြစ်ချင်လာသည်။ ဒီနှုန်းအတိုင်းသာဆို ညနေစောင်းမှာ ညောင်ရွှေကိုပြန်ရောက်တောင် အလွန်ကံကောင်းပဲ။
"မောင်ရယ် ဂျွမ်းထိုးပြီးပြန်ရင်တောင် အခုချိန်အိမ်ပြန်ရောက်နေလောက်ပြီ။"
ဟိန်းဇော်ဦး လက်တစ်ဖက်က စတီယာတိုင်ကိုခပ်ဖွဖွကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် စဝ်မောင်၏လက်ကို လှမ်းကိုင်ရင်းပြောတော့...တစ်စုံတစ်ယောက်၏ သူ့ကိုပြောလို့ အလိုမကျဖြစ်သွားသည့်မျက်နှာကို မြင်စေချင်ပါသည်။ အသက်သုံးဆယ်လား သုံးနှစ်လား မသိနိုင်အောင်ပင် ထိုမျက်နှာသေးသေးလေးက ဒေါသထွက်ပြသည့်အခါ ဟိန်းဇော်ဦး ရီချင်သည့်စိတ်ကလွဲ ဘာမှမရှိပေ။
"နောက်တစ်ခေါက် ကားရပ်ခိုင်းရင် တစ်ခါအနမ်းခံရမယ်။ အဲ့တာစည်းကမ်းပဲ။"
သူ ဒီလောက်လေးပြောလိုက်ပေမဲ့ မောင်ကတော့ ထူပူနီရဲသွားသည့် မျက်နှာနှင့် မျက်လွှာကို ချသွားသည့်နောက် ဟိန်းဇော်ဦး ထိုတုံ့ပြန်ချက်ကိုကြည့်ပြီး တကယ်ပဲ ဂျွမ်းဆယ်ပတ်လောက် လှိမ့်ထိုးချင်သွားသည်။
ထိုနောက်ပိုင်းမှာတော့ စဝ်မောင်က ဟိန်းဇော်ဦးကို ကားရပ်ရန်အကြောင်း လုံးဝပါးစပ်မဟတော့ပေ။ ဟိန်းဇော်ဦးက လမ်းသွားလမ်းလာတွေ့တိုင်း ကားကိုရပ်လိုက်ရမလားဟု လှမ်းလှမ်းစ,လျှင်တောင် မောင်ကတော့ မျက်နှာတည်ကြီးဖြင့်။ သေချာပါတယ်...သူ့ကို မောင် စိတ်ကောက်သွားလေပြီ။
ESTÁS LEYENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficción Generalတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-