Extra Part (2)
နေဝင်ပြီဆိုတာနဲ့ တိတ်ဆိတ်ငြိမ်သက်လေ့ရှိသော ရွာကလေးသည် ချွင်းချက်အနေဖြင့် သီတင်းကျွတ်လပြည့်ညမှာတော့ ဆူညံလှုပ်ရှားစွာ အသက်ဝင်နေပါသည်။ အိမ်၏ပြတင်းပေါက်မှ လှမ်းမြင်နေရသည်မှာ ရွာအသီးသီးက လာရောက်ကြသော ကျောင်းရှေ့ကွင်းပြင်ကျယ်ကြီးအပြည့် ဈေးသည်များပင်။ နေစုန်းစုန်းမြှပ်လို့ ပွဲတော်အချိန်ရောက်ပြီဆိုရင်တော့ ပွဲလည်ရောက်လာကြသူ ရွာသူရွာသားများဖြင့် ထပ်မံတစ်ခါ ပျံကျစည်ကားဦးမည်ဖြစ်သည်။
ဆင်တူပအို့ဝ်ဝတ်စုံများနှင့် အပျိုဖြန်းကလေးများက သူ့အဖွဲ့ကိုယ်အဖွဲ့ လက်ကလေးတွေချိတ်လို့ ရွာလမ်းဘက်မှ အလျှိုလျှိုထွက်လာကြသည်။ နှုတ်ခမ်းဆိုးဆေးနီရဲရဲကြောင့် နှင်းဆီပန်းလေးသဖွယ် ငွားငွားစွင့်စွင့်ဖူးပွင့်နေသည့် နှုတ်ခမ်းတစ်စုံဟာ မျက်နှာတပြင်လုံးမှာ ထင်းနေပါ၏။ မလိမ်းစဖူးမိတ်ကပ်တွေ လိမ်းကျံထားသော်လည်း ရိုးသားဖြူစင်သည့်အလှကတော့ ပေါ်လွင်နေစမြဲပင်။ နက်ပြာရောင်ပအို့ဝ်ဝတ်စုံ၊ ရိုးရာခေါင်းပေါင်း... ယဉ်စစရှက်ပြုံးလေးများဖြင့် စဝ်မောင်ကို လာကန့်တော့ကြသည့် ကျောင်းသူလေးတွေက စာအုပ်စင်နားထိုင်နေသည့် ဟိန်းဇော်ဦးကိုမှ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။
ဟိန်းဇော်ဦးကိုယ်တိုင်ကလည်း လည်ထောင်အင်္ကျီအဖြူကို အောက်မှခံ၍ ပအို့ဝ်ရိုးရာလက်ရှည်အပေါ်ထပ်၊ ပအို့ဝ်ဘောင်းဘီနက်ပြာရောင်ဖြင့် ချောမောပြေပြစ်စွာ ထင်းချင်တိုင်းထင်း၊ လင်းချင်တိုင်းလင်းနေတော့သည်။ ထိုကျောင်းသား၊ ကျောင်းသူ ကလေး,လေးများထဲ အတွဲအချိတ်ကလေးများ ပါလာသည်ကို သတိထားမိလျှင် မောင်က တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝှိက်သောနည်းဖြင့် ဆုံးမစကားအရှည်ကြီးကို ပြောနေတတ်ပါသည်။ အမြင်မကျယ်သေးသည့်အရွယ်မှာ အချစ်ဟာဘဝမဟုတ်ဘူးလို့ မောင် တစ်ခွန်းပြောလိုက်တိုင်း ဟိန်းဇော်ဦးကတော့ တစ်ခါပြုံးစမြဲပင်။
သူ့အတွက်တော့ ဆယ့်ရှစ်နှစ်အရွယ်အချစ်ဟာ ဘဝဖြစ်ခဲ့ပါသည်။ ဒါကို မောင်လည်း သိပါသည်။ ဆိုတော့လည်း... မောင်ဟာ သူ့ကိုများရွဲ့နေခြင်းလားဟု အောက်မေ့၍ ပြုံးမိခြင်းပင်။
ESTÁS LEYENDO
မောင့် လက်တစ်ကမ်းအလို(Love, beyond)
Ficción Generalတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-