Part 12 တစ်သက်နဲ့တစ်ကိုယ်

700 87 15
                                    

လှေပေါ်မှာတုန်းကတော့ လေတိုက်နေတာမို့ သတိမထားမိသော်လည်း လေပြေတိုးဖျော့ဖျော့နဲ့ လူတွေကြားတိုးရတဲ့အခါ တပေါင်းနွေက ချွေးတော့စို့စေသည်။ နေရာတိုင်းမှာ မြင်နေရသည့် ကြာပန်းသည်တွေကတော့ အင်းခမောက်လေးတွေကိုယ်စီဖြင့် လှေပေါ်မှာ ဈေးရောင်းလျက်ရှိနေပြီး ဟိန်းဇော်ဦးပင် အောင်မင်္ဂလာဘုရားကအပြန် ဖောင်တော်ဦးစေတီကို ပူဇော်ဖို့ တစ်စည်းဝယ်ယူခဲ့သေးသည်။ စဝ်မောင်ကတော့ ပတ်ဝန်းကျင်ကို အာရုံမရှိဘဲ စိတ်နှင့်လူမကပ် ခြေဦးတည့်ရာ လျှောက်သွားနေသည့်ပုံပင် ပေါက်နေ၏။ သို့မဟုတ် သူသွားနေသည့်ခရီး ဘယ်ကိုပေါက်နေပြီလဲလို့ တွေးနေပုံရ၏။ သို့သော် တစ်ချို့သော ခရီးတွေက နောက်ပြန်လှည့်မရတော့တဲ့အခါ ရှေ့ဆက်ဖို့ လမ်းအမှန်နဲ့ အမှားကို ရွေးချယ်ရန်ကလည်း ခက်ခဲနေပြန်သည်။ ဟိန်းဇော်ဦးကတော့ အမှားနဲ့အမှန်ကို အလေးမထားသည့် လူငယ်ပီပီ သူလုပ်သမျှအရာရာအတွက် အပူအပင်လည်း ရှိဟန်မပေါ်။ စဝ်မောင်နဲ့အတူရှိဖို့ သူလျှောက်နေတဲ့လမ်းကနေ ကွဲထွက်လိုက်ရတာကိုလည်း စိတ်ထဲရှိပုံမရ။ ဒီလှေက မဆင်းရပြီးရော အဆုံးထိလိုက်မည်ဆိုသည့် လက်တွေ့မဆန်သည့် စိတ်ကူးယဉ်မှုတွေသာ ရှိ၏။

ဖောင်တော်ကြီးဘုရားဈေးတန်းမှာ နေ့လည်စာဝင်စားပြီး လှေပေါ်ကိုပြန်ရောက်သည်အထိ စဝ်မောင်က ဟိန်းဇော်ဦးကို ပြန်ပြီးတော့ ရောရောနှောနှော မရှိသေးပေ။ လှေပေါ်ကဆင်းတုန်း တစ်ခေါက်သာ လှေကိုထိန်းထားပေးပြီး ဟိန်းဇော်ဦး ကုန်းပေါ်ရောက်သည်နှင့် ရှေ့ကလျှောက်သွားသည်မှာ ခရီးအဆုံးထိ နောက်လှည့်မကြည့်တော့။ အင်းဆားလို့ခေါ်သည့် အင်းသားတွေကြားထဲ သူ့အင်းဆားလေး မပျောက်သွားဖို့ကို ဟိန်းဇော်ဦး အနောက်ကနေ အပြေးလိုက်လို့နေရပြီး ပူတဲ့နွေဦးမှာ အချစ်ရူးလည်း ပြာရပြီ။

အပြန်ခရီးမှာတော့ ခြေတံရှည်ရှည်နဲ့ အိမ်တိုင်တွေကို ကျော်ဖြတ်လာရင်း အလာတုန်းကတွေ့ခဲ့ရသည့် ရေပေါ်စိုက်ခင်းတွေထဲ စဝ်မောင်က အလည်ခေါ်သွားခဲ့သည်။ ကျွန်းမျောစိုက်ခင်းဟုလည်း ခေါ်သည့် ထိုစိုက်ခင်းတွေမှာ အများစုက ခရမ်းချဉ်သီးကိုသာ အားထားပြီးစိုက်ကြသဖြင့် သူ့ရာသီချိန်ဆို နီရဲရဲခရမ်းချဉ်များကို ဦးစွာတွေ့ရပါလိမ့်မည်။ အခုတော့ အသီးသီးမည့်အချိန်ကျော်လွန်သွားပြီ ဖြစ်သဖြင့် မြင်ကွင်းနဲ့အပြည့် အစိမ်းရောင် ကျွန်းမျောများသာ။ တိတ်ဆိတ်ပြီး ကျွန်းမျောတစ်ခုနှင့် တစ်ခုကြား လှေနှစ်စီးယှဉ်သွားနိုင်လောက်ရုံ အကျယ်နှင့် စိုက်ခင်းတစ်ခုနှင့် တစ်ခုဟာ ဝင်္ဂပါလိုမျိုး ရှိနေသည်။ ဟိန်းဇော်ဦး ဘာရယ်မဟုတ် သမီးရည်စားတွေ လာပြီးချိန်းတွေ့လို့ ကောင်းနိုင်မယ့်နေရာပဲဟု ကြောင်တောင်တောင် တွေးမိပြန်သည်။

မောင့် လက်တစ်ကမ်းအလို(Love, beyond)Où les histoires vivent. Découvrez maintenant