အငွေ့တထောင်းထောင်းထနေသည့် ရေနွေးပန်းကန်လုံးလေးကို လှမ်းယူလိုက်စဉ် စိမ်းဖန့်ဖန့်ရောင် မျက်နှာပြင်အောက်ခြေမှ လက်ဖက်ခြောက်ရွက် အနည်းငယ်သည် လှုပ်ခတ်သွား၏။ တောင်ပေါ်နံ့လေး သင်းနေသည့် ရေနွေးကြမ်းကို တောင်ပေါ်သားကိုယ်တိုင် ငှဲ့ထည့်ပေးသည့်အခါ ဟိန်းဇော်ဦးနှုတ်ခမ်းထောင့်တွေက ကျေနပ်အားရစွာ မသိမသာ ကွေးတက်သွားပြီး စဝ်မောင်ရှိရာ မျက်လုံးလေးနဲ့တင် မော့ကြည့်လိုက်၏။ တည်ငြိမ်နေသော်လည်း အတည်လွန်သဖြင့် တင်းမာသည့်ပုံစံဘက် ရောက်နေသည့် မောင့်မျက်နှာထားကြောင့် ဟိန်းဇော်ဦး မျက်လုံးချင်းစုံမိသည့် အခိုက် လန့်ပြီး ရေနွေးသီးသွားရ၏။
"ရေနွေးကပူသေးလို့လား။"
ဟိန်းဇော်ဦး စဝ်မောင်မေမေ ကမ်းပေးသည့် ပုဝါကို တရိုတသေလှမ်းယူကာ နှုတ်ခမ်းဘေးတွေကို သုတ်လိုက်ပြီး ခေါင်းယမ်းပြလိုက်၏။ သူမကြည့်မိပေမဲ့ မောင့်မျက်နှာပြုံးနေမည်ဆိုတာကိုတော့ အလိုလိုသိသဖြင့် ဟိန်းဇော်ဦး သူခိုးလူမိသလို ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
"ညောင်ရွှေရောက်ရင်တော့ အရင်ဆုံး မြို့ဟောင်းတွေဆီနှံ့အောင် အရင်လည်ပါအုံး။ ဆရာ့အိမ်နားက ရတနာမာန်အောင်စေတီကိုရော ရောက်ပြီးပြီလား။ မရောက်သေးရင် အချိန်ရှိတုန်း ဆရာ့ကို လိုက်ပို့ခိုင်းလေ။"
ဟိန်းဇော်ဦး မေမေပြောသမျှကို ခေါင်းငြိမ့်ဖြေရင်း စဝ်မောင်ရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ရသေး၏။ မောင့်မျက်နှာက သိသိသာသာ ပျက်မသွားမှန်းသိတော့မှ ဟိန်းဇော်ဦး သက်ပြင်းချနိုင်တော့သည်။ သူနောက်တစ်ခေါက် ပြန်ပေါ်လာလို့ အပြစ်တင်ချင်နေသည့် မောင်က သူ့ကိုဧည့်ဝတ်ကျေအောင်တော့ အဆက်အဆံလုပ်ပါသေး၏။ ဒါမှမဟုတ် ဧည့်ဝတ်ကျေရုံတင် ဆက်ဆံနေတာလားမသိ။
ကွပ်ပြစ်ခင်းထားသည့် စားပွဲအောက်ခြေ ပတ်ပတ်လည်မှာ သစ်ရွက်ကြွေတစ်ချို့ မြေပေါ်ပြန့်ကျဲနေပြီး အနီးနားမှာတော့ အရိပ်ရအပင်ကြီးတွေ ငါးပင်လောက်တန်းနေ၏။ စိမ်းမှောင်နေသည့် သစ်ရွက်တွေကြားမှ ထိုးကျလာသည့် နေစက်ပြောက်တွေဟာ လေတိုက်နှုန်းနှင့်အတူ မငြိမ်မသက်ဖြစ်ပြီး သံလျက်ရောင်ပြန်လက်သလိုမျိုး သူတို့ကိုယ်ပေါ်ကို ဖြောက်စိတ်ကျနေ၏။ ဒါဘာအပင်တွေလဲ မောင်ဟု သူမေးကြည့်တဲ့အခါ မောင်က ထောပတ်သီးပင်တွေဟု ဖြေသည်။ နွေရာသီမို့ အသီးမရှိတာတဲ့။ ဟိန်းဇော်ဦး ထောပတ်သီးပင်ကို ဒီလောက်ထိ ကြီးလိမ့်မည်ဟု မျှော်လင့်မထားတာမို့ သူ့မေးခွန်းကို နှစ်ကြိမ်လောက်ပင် စမ်းစစ်ကြည့်လိုက်ပါ၏။
YOU ARE READING
မောင့် လက်တစ်ကမ်းအလို(Love, beyond)
General Fictionတကယ်တော့ ချယ်ရီကို တစ်ခါမြတ်နိုးမိရင် တသက်လုံး မြတ်နိုးမပျက်ဖို့ သစ္စာဆိုစရာမလိုပါဘူး။ -ဟိန်း-