အပိုင်း(၃၁) ကြည့်ကောင်းရုံသာရှိသည့် ရွံစရာကောင်

154 25 0
                                    



     ဤအရာသည် တကယ်လက်တွေ့လောကကြီးဖြစ်ပြီး အကွက်ဆင်မှုများ လှည့်ကွက်များနှင့် ထောင်ချောက်များသည် အကြောင်းပြချက်တစ်စုံတစ်ရာ မရှိပါဘဲ ကောင်းကင်ပေါ်မှ အလိုလို ကျလာလိမ့်မည်မဟုတ်ပါ။ အကယ်၍ ရှိလာခဲ့သည်ဆိုလျှင်တောင် ထိုအရာများသည် အထက်က တစ်စုံတစ်ယောက်မှ ရည်ရွယ်ချက်ရှိရှိ ပစ်လွှတ်လိုက်ခြင်းသာ ဖြစ်နိုင်သည်။

     ရှလေက သူမ၏ ကောင်လေးဖြစ်သည်ဟု နဲင်ကျင်းမှ လိမ်လည်မပြောခဲ့ပါက နဲင်ရွမ်ရှန်းသည် သူ့အား အခွင့်အရေးပေးလာလိမ့်မည် မဟုတ်ပါ။ အရည်အချင်းနှင့် ပက်သက်ပြီး စစ်ဆေးမေးမြန်းမှု မပြုဘဲ ကြိုးစားကြည့်ခွင့်ကို ပေးပါမည်လော။

      ထိုကြောင့် ရှလေသည် နဲင်ကျင်းပြောသည့်စကားနှင့် ပက်သက်ပြီး အတည်ယူကာ စိတ်ထဲထားလိမ့်မည် မဟုတ်ပါ။ နဲင်ကျင်းသည် သူ့ကောင်လေးပါဟု ပြောလိုက်ရခြင်းမှာ ယခင် ကူညီမှုအတွက် ပြန်၍ ပေးဆပ်လိုသောဆန္ဓသာ ဖြစ်သည်ဟု ရှလေက မှတ်ယူခဲ့သည်။
     ‘ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ၊ အစ်မကြီးနဲင်က သူ့ဦးလေးကို လိမ်ပြောလို့သာ ငါ ဒီလို အလုပ်မျိုးကို ရတာ။ ငါ ဒါကိုသာ ကောင်းကောင်းလုပ်နိုင်ရင် ငါ့ရဲ့ ဂုဏ်သတင်းက  သေချာပေါက် ကျော်ကြားလာပြီး ငွေကြေးနဲ့ပက်သက်ပြီးလည်း နောက်ထပ် စိုးရိမ်စရာ ရှိတော့မှာ မဟုတ်ဘူး’
     ရှလေသည် ထိုသို့ တစ်ယောက်တည်း တွေးတောမိလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်တွင် တက်ကြွလန်းဆန်းစေသော စွမ်းအင်များသည် ဖြတ်သန်းစီးဆင်းသွားသည်ဟု ခံစားမိလိုက်သည်။

     “လေလေး”
    မကြာသေးခင်ကပင် မာစတာရှဟု ခေါ်ဝေါ်ပြောဆိုသော နဲင်ရွမ်ရှန်းသည် ယခုအခါတွင် ‘လေလေး’ဟု ပြောင်းလဲခေါ်ဝေါ်လျှက် နွေးထွေးသော အပြုံးဖြင့် လှိုက်လှိုက်လှဲလှဲ ပြုံးပြနေကာ
     “ဒီတော့  မင်းအသက်က ဘယ်လောက်ရှိပြီလဲ”

     ရှလေ ကြောင်အမ်းအမ်းဖြစ်သွားပြီး စိတ်လှုပ်ရှားမှုကို ခံစားလာရသည်။
     “ကျွန်တော်…”

     နဲင်ကျင်းသည် နဲင်ရွမ်ချန်း၏ နောက်မှနေ၍ ရှလေအား မျက်နှာရိပ်ပြကာ သူမ၏ လက်ချောင်းများကို ထောင်ပြနေသည်။
     သူမပြောလိုသည်မှာ သူမ၏ ဘယ်ဘက်လက်တွင် လက်ငါးချောင်း ထောင်ထားပြီး၊ ညာဘက်လက်တွင် လက်နှစ်ချောင်းကို ထောင်ထားသည်။ ရှလေသည်လည်း သူမ ပြသည့်အတိုင်းသာ ပြန်ပြောလိုက်သည်။
     “ကျွန်တော်က နှစ်ဆယ့်ငါးနှစ်ပါ၊ ဦးလေးနဲင်”

     “ဝိုးဟိုး… ဒါဆို မင်းတို့ နှစ်ယောက်က သက်တူရွယ်တူတွေပေါ့”
     နဲင်ရွမ်ရှန်းသည် မေးခွန်းတစ်ခုတည်း မေးလိုက်ရခြင်းအပေါ် အားရပုံမပေါ်ပဲ နောက်ထပ်မေးခွန်တစ်ခုကို ထပ်၍ မေးသည်။
     “မိသားစုကရော ဘယ်နှစ်ယောက်ရှိလဲ၊ လေလေး”

    ရှလေသည်  ဘာမှ ထွေထွေထူးထူး လျှောက်စဉ်းစားမနေတော့ဘဲ
    “အဖေကော အမေကော ကျွန်တော်အငယ်လေးကတည်းက မရှိကြတော့ပါဘူး၊ အခု မိသားစုဆိုလို့ ကျွန်တော်နဲ့ ကျွန်တော့ညီမလေး၊ နှစ်ယောက်ပဲ ရှိပါတယ်။ ညီမလေးကတော့ ကျင်ထူတက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့တယ်၊ ကျောင်းစတက်တာ နှစ်ပတ်လောက်ရှိပြီ”

     “ဟုတ်လား”
     နဲင်ရွမ်ရှန်း၏ အပြုံးသည် ပို၍ပင် ပီပြင်နွေးထွေးလာသည်။ ဤကောင်လေးတွင် ကားပိုင်မရှိ၊ အိမ်ပိုင်လည်း မရှိ၊ ဒီ့အပြင် မိဘနှစ်ပါးလည်း မရှိတော့ပေ။ ထိုအရာသည် ခင်ပွန်းတစ်ယောက် ဖြစ်ဖို့အတွက် အဟန့်အတားတော့ မဟုတ်ပါချေ။ ချမ်းသာကြွယ်ဝသူ နဲင်ရွမ်ရှန်းအတွက် ကားနှင့် တိုက်ခန်းသည် အထူးသော်လည်း မိဘမရှိသည့် ရှလေအဖို့မှာ ထိုအရာများကို တောင်းတနေမိမှာ သေချာသည်။

      နဲင်ကျင်းသည် ရှလေထက်ပင် ပို၍ စိတ်ကသိကအောက်ဖြစ်နေပုံရသည်။ သူမသည် မေးခွန်းများ နောက်ထပ်ဆက်၍ မမေးစေချင်တော့သည့်အတွက် စကားကို ကြားဖြတ်၍ ဝင်ပြောသည်။
     “ဦးလေး၊ လေက အခုမှ ပထမဦးဆုံး ဦးလေးနဲ့ တွေ့ဖူးတာလေ။ စိတ်ကျဉ်းကြပ်အောင်လို့ ဘာလို့ မေးခွန်းတွေ အများကြီးမေးနေတာလဲ”

     “အိုဟို၊ သူ့အစား အဖြစ်သည်းနေပါ့လား။ အိုခေပါ အိုခေပါ… ငါ ထပ်မပြောတော့ပါဘူး။ မင်းတို့ လူငယ်တွေက ကိစ္စပဲ။ ဒါက တကယ်ကိစ္စကြီးနော် ပြီးတော့ မင်းတို့က ဖုံးကွယ်ထားဖို့ ကြိုးစားနေတာပဲ။ မင်းရဲ့ အဖေကို မပြောပါနဲ့လို့ ငါ့ကို လာတားရင်လည်း…”

     “တော်ပါတော့…”
     နဲင်ကျင်းသည် သူမ၏ နားနှစ်ကို လက်နှင့် အုပ်လိုက်သည်။

     နဲင်ရွမ်ရှန်းသည် သူ၏ ပါးစပ်ကို ပိတ်လိုက်သည်။ ထို့နောက် သူသည် ရှလေအား ‘ငါဘာလုပ်ရမှာလဲ’ဆိုသည့် မျက်နှာပေးနှင့် ကြည့်လိုက်သည်။ သို့သော်လည်း သူသည် ရှလေ၏ ပုံပန်းသွင်ပြင်နှင့် စိတ်နေစိတ်ထားကို လွန်စွာသဘောကျမိခဲ့သည်။ ရှလေသည် ခန့်ညားပြီး ရုပ်ရည်သွင်ပြင်မှာ ချောမောပြေပြစ်သည်။ နှိမ့်ချပြုမူတတ်ပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိသည်။ လူကြီးသူမများ အပေါ်လည်း ရိုသေလေးစားမှုရှိပြီး အဓိက အကျဆုံးမှာ သူ့တွင် မိဘများ မရှိကြသော်လည်း ကိုယ့်ကိုယ်ကို ကောင်းအောင် ထိန်းသိမ်းစောင့်ရှောက်ကာ တည့်မတ်နေနိုင်ခြင်းဖြစ်သည်။

     သူတို့သည် ထိုသို့ပြောဆိုကြရင်း အလုပ်ရုံဆီသို့ ရောက်လာခဲ့ကြသည်။ ရှီကျင်းချိုသည် အလုပ်ရုံထဲက ထွက်လာပြီးနောက် တလေးတစားဖြင့်
     “ဥက္ကဌနဲင်၊ အဆင်သင့်ဖြစ်ပါပြီ”
   
    “အင်း”
    နဲင်ရွမ်ရှန်းသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှလေကို လက်ဟန်မူရာ ပြကာ
     “လုပ်လိုက်ကြရအောင် မာစတာရှ”

     “ဟုတ်ကဲ့ပါ ဥက္ကဌနဲင်”
     ရှလေက ပြန်ပြောလိုက်သည်။ သူ ပြုံးမိလိုက်သည်။ သူတို့နှစ်ယောက်သည် အချင်းချင်းအကြားတွင် လေလေး၊ ဦးလေးနဲင်ဟု ခေါ်ဝေါ်ပြောဆိုကြပြီး လူအများရှေ့တွင် မာစတာရှ၊ ဥက္ကဌနဲင်ဟုသာ ပြောဆိုသုံးနှုန်းကြသည်နှင့် ပက်သက်၍ ပြုံးမိလိုက်ခြင်း ဖြစ်သည်။  
     သူသည် ရှီကျင်းချို၏အနားမှ ဖြတ်လျှောက်သွားစဉ်တွင် သူမက တိုးတိုးလေး လှမ်းပြောလိုက်သည်။
     “လေ၊ ပြီးရင် စကားပြောကြရအောင်”

     ရှလေ ရပ်လိုက်သည်။ သူ ဘယ်လို ပြန်၍ တုံ့ပြန်ရမှန်းမသိ ဖြစ်နေသည်။
     နဲင်ကျင်းသည် အနားသို့ကပ်လာပြီး ရုတ်တရက် ရှလေ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ
     “လေ၊ ရှင်တို့က တစ်ယောက်နဲ့ တစ်ယောက်သိကြလား”
    
     ‘မာစတာရှ’မှ ‘လေ’ ဖြစ်သွားရပြန်သည်။ ရှလေ ရယ်ချင်သလို ငိုချင်သလို ဖြစ်သွားသည်။ သူသည် တစ်စုံတစ်ယောက်၏ ဒယ်ဒီဖြစ်လိုက်ရမည်လော၊ သို့မဟုတ် ဤဇာတ်အတိုင်းသာ လိုက်ကလိုက်ရမည်လော တွေးကာ စိတ်ရှုပ်လာသည်။

     “ကျွန်မတိုက သိကြတယ်ဆိုပေမယ့် သိပ်တော့ မရင်းနှီးကြပါဘူး”
     ရှီကျင်းချိုက ပြန်ဖြေလိုက်သည်။

     “ဟုတ်လား၊ လေ.. အထဲဝင်ရအောင်၊ ကျွန်မ ရှင်လက်စွမ်းပြတာကို ကြည့်နေရတာ အရမ်းသဘောကျတယ်”
     နဲင်ကျင်း တမင်ပြောဆိုလိုက်သည်။

     “ကောင်းပြီ၊ အထဲဝင်ကြမယ်”
     ရှလေသည် ရှီကျင်းချိုအား ဘာမှ ပြန်မပြောတော့ဘဲ သူ၏ လက်ကို တွဲထားသည့် နဲင်ကျင်းနှင့်အတူ အလုပ်ရုံထဲသို့ ဝင်လာခဲ့လိုက်သည်။ ရှီကျင်းချိုသည် သူ့အား ဘာပြောချင်နေမှန်း မသိသော်လည်း၊ သေချာသည်မှာ သူသည် သူမနှင့် ဘာမျှထပ်ပြောလိုခြင်း မရှိတော့ပြီ ဖြစ်သည်။ တစ်ဖက်တွင်မူ နဲင်ကျင်းသည် သူ့အား စိတ်လှုပ်ရှားမှုကို ဖြစ်စေခဲ့သည်။ သူမ၏ လက်သည် ချောမွေ့နူညံ့ပြီး သူ၏ လက်ကို သာသာယာယာဆုပ်ကိုင်ထားသည်။ သူမအား လက်လွှတ်ဖို့ ပြောလျှင်ကောင်းမည်လော စဉ်းစာကာ ဝေခွဲမရ ဖြစ်နေသည်။ သူသည် တစ်ချိန်တည်းမှာပင် အဆင်ပြေသလို၊ ကသိကအောက်ဖြစ်သလို ခံစားနေရသည်။ ထိုအရာသည် ရှုပ်ထွေးပြီး  ဆန်းကြယ်လှသည်။

     ရှီကျင်းချို တွန့်သွားပြီး၊ ရှလေနှင့် နဲကျင်းတို့ နှစ်ယောက်တွဲ၍ အထဲဝင်သွားသည်ကို လိုက်၍ ကြည့်နေခဲ့သည်။

     အလုပ်ရုံထဲရှိ လူအများရှေ့သို့ မရောက်မီတွင် နဲင်ကျင်းသည် ရှလေ၏ လက်ကို လွှတ်လိုက်ပြီး
    “ကံကောင်းပါစေ”

     ရှလေ ခေါင်းညိတ်ပြလိုက်ပြီး နဲင်ရွမ်ရှန်းဆီသို့ လျှောက်သွားသည်။ နဲင်ရွမ်ရှန်း၏ နောက်တွင် လုပ်ငန်းဝတ်စုံများ ဝတ်ဆင်ထားသည့် အင်ဂျင်နီယာများ နှင့် အတိုင်းအတာ တိကျမှု မြင့်မားသည့် CNC စက်ကြီးတစ်လုံး ရှိနေသည်။ ထိုစက်ကြီးသည် သူ၏ လုပ်ကိုင်စွမ်းရည်ကို ပြသရမည့် စက်ကြီး ဖြစ်ပုံရသည်။

     ရှလေသည် စက်ကြီးကို ကြည့်လိုက်ရာ ထိုစက်ပေါ်တွင် ဂျာမာန်စာလုံးတစ်ချို့ကို တွေ့လိုက်ရသည်။ ထိုစက်သည် ဂျာမာန်မှ တင်သွင်းထားခြင်း ဖြစ်ပြီး တန်ကြေးအားဖြင့် ဆယ်သန်းတန်သည်။

     ဥရောပနှင့် အမေရိကမှ ပစ္စည်းများသည် အဆင်ပြေ ကောင်းမွန်နေဆဲဖြစ်သည်။ မှန်ကန်တိကျသည့် စက်အစိတ်အပိုင်းများကို တင်သွင်းခြင်းသည် ငွေဖြုန်းနေခြင်းသာဖြစ်သည်။ နိုင်ငံတကာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်တွင် ဥရောပနှင့် အမေရိကသည် ကုန်သွယ်မှုနှင့်ပက်သက်၍ ပိတ်ပင် တားမြစ်မှုများ ရှိလာခဲ့ရာ တိကျကောင်းမွန်သော ကုန်ထုတ်လုပ်မှုများကို ရရှိရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ သူသို့သည် တိကျသောထုတ်ကုန် ထုတ်လုပ်မှုအပိုင်းတွင် ဥရောပနှင့် အမေရိကတို့၏ နောက်ကောက်ကျနေသမျှကာလပတ်လုံး ထိုပြဿနာမှာ ရှိနေလိမ့်မည် ဖြစ်သည်။

        “ကောင်လေး၊ မင်း အရင်က ဒီလို တွင်ခုံမျိုးကို သုံးဖူးလား”
      အင်ဂျင်နီယာတစ်ယောက်သည် ရှလေအား မယုံသင်္ကာနှင့် မေးလိုက်သည်။
      ထိုသူ တစ်ဦးတည်းသာ မဟုတ်ပါ။ ရှလေမဝင်လာမီအချိန်တွင် ‘ထူးခြားသောမာစတာကြီး’လာရောက်မည် ဆိုသည့်အတွက် (East Wind Heavy Industries) အကြီးစားစက်မှုလုပ်ငန်းတွင်းရှိ အင်ဂျင်နီယာများ အားလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြသည်။ သို့သော်လည်း ရှလေကို မြင်သည့်အခါတွင် သူတို့ စိတ်ပျက်ခဲ့ကြသည်မှာ အမှန်ပင်။ ရှလေကဲ့သို့သော လူငယ်လေးတွင် ကြီးမြတ်သောလက်ရာကောင်း ပိုင်ဆိုင်နိုင်လိမ့်မည်မှာ မဖြစ်နိုင်ပါချေ။ သူတို့သည် ဘေးနားတွင် ရပ်နေကြသည်မှာ နဲင်ရွမ်ရှန်း ရှိနေခြင်းကြောင့်သာ ဖြစ်သည်။

     ရှလေသည် စိတ်ကို လျော့ထားလိုက်ပြီး အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
     “ဒါက တိကျမှန်ကန်မှု ဝ.၀၀၀၁ မီလီနဲ့ ဂျာမာန်ထုတ် DMGအထူးတွင်ခုံပဲ”
     ခဏရပ်လိုက်ပြီးနောက် သူက ဆက်၍ပြောသည်။
     “ကျွန်တော် ဒါမျိုးတွင်ခုံကို တစ်ခါမှတော့ မသုံးဖူးဘူး၊ ကျွန်တော်ထင်တာတော့ ဒါက ပြဿနာ မရှိနိုင်ပါဘူး။ ကျွန်တော့်ရဲ့ ဂိုးဒန်းဖိစန့်နဲ့ပဲ တိကျမှန်ကန်မှ ဝ.၀၀၀၉ မီလီနဲ့ အစိတ်အပိုင်းတွေကို ကျွန်တော် လုပ်နိုင်တယ်”

     ၎င်းအင်ဂျင်နီယာသည်လည်းပဲ သူ၏ အမြင်အတိုင်း ပြန်၍ ပြောသည်။
     “မင်းကိုမင်း သိပ်အမွှန်းတင်နေတာ မကောင်းဘူးနော် လူငယ်လေး၊ ပြည်တွင်းထုတ် တွင်ခုံတွေရဲ့ အတိုင်းအဆ စံအကန့်အသတ်ကို ငါတို့သိတယ်။ မင်းရဲ့ ဂိုးဒန်းဖိစန့်နဲ့ တိကျမှု ဝ.၀၀၀၉ မီလီ ရှိတဲ့ အစိတ်ပိုင်းတွေကို ထုတ်လုပ်နိုင်မယ်တဲ့လား။ ငါတော့ မင်းကို မယုံဘူး။ ဒီနိုင်ငံမှာ အဲဒီလို အဆင့်ထိရောက်အောင်လုပ်နိုင်တာ တစ်ယောက်မှမရှိဘူး”

    ရှလေသည် သူ့အပေါ် သင်္ကာမကင်း ဖြစ်နေကြခြင်းအား စိတ်ထဲတွင် မထားဘဲ အေးဆေးစွာပင် ပြန်၍ ပြောဆိုလေသည်။
     “ကျွန်တော် မလိမ်ပါဘူး။ ကျွန်တော် ကြိုးစားကြည့်ပြီးရင် ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ ကျွန်တော်တို့အားလုံး သိရမှာပါ”

     “ကောင်းပြီ”
     နဲင်ရွမ်ရှန်းက ဝင်ပြောလိုက်သည်။
     “သူ ကြိုးစားကြည့်ပါစေ၊ မင်းတို့ကတော့ မင်းတို့ရဲ့ အတွေးနဲ့ဆိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ဒီနေ့ခေတ် လူငယ်တွေမှာလည်း အတော်လေး စွမ်းရည်ပြည့်ဝတဲ့လူတွေ ရှိပါတယ်။ ဒီနေ့လူငယ်တွေဆိုတာက အနာဂါတ်ခေါင်းဆောင်တွေပဲ မဟုတ်လား”

     နဲင်ရွမ်ရှန်းသည် ရှလေဘက်မှ ပြောဆိုလိုက်သောအခါ မည်သူက ဆန့်ကျင်ပြောဆိုနိုင်တော့မည်နည်း။

     ရှလေအား ဆန့်ကျင်ပြောဆိုနေသည့်  အင်ဂျင်နီယာသည် သူ၏ လေသံကိုပြောင်းလိုက်သည်။ သူသည် နိုင်ငံခြားတွင်ခုံအား ညွှန်ပြရင်း ပြောဆိုလိုက်သည်။
      “ငါတို့မှာ တင်သွင်ထားတဲ့ ကွင်းတွေ ရှိတယ်၊ ဒါပေမဲ့ မင်းလုပ်နိုင်ဖို့ ရိုးတန်တော့မရှိဘူး။ တွင်ခုံမှာ ကွင်းအချက်အလက်တွေ၊ ဝန်ရိုးတိကျမှုနဲ့ ဒြပ်ထုရဲ့တုန်ခါမှုအညွှန်းကိန်း ဆိုတာတွေ ရှိတယ်။ မင်း လေ့လာကြည့်ပြီးရင် စလုပ်လို့ရပြီ”

     ကွင်းနှင့် ဝင်ရိုးတံ ချိတ်ဆက်ခြင်းသည် အမြင်အားဖြင့် လွယ်ကူသည်ဟု ထင်မှတ်ရသော်လည်း တင်သွင်းကွင်းနှင့် ဒပ်ထုရဲ့တုန်ခါမှုကိန်းအညွှန်း လိုအပ်ချက်ကို ထည့်သွင်းရန်မှာ မလွယ်ကူပါချေ။

     ရှလေသည် ခက်ခဲမည်မှန်းသိသော်လည်း တုံ့ဆိုင်းနေမှု မရှိခဲ့ပါ။ ရှလေသည် ထိုတွင်ခုံအနားသို့လျှောက်သွားပြီး အင်ဂျင်နီယာများ ထားရှိထားသည့် အချက်အလက်များနှင့် ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

     ထိုအချိန်တွင် အင်ဂျင်နီယာများသည် တစ်ဦးနှင့် တစ်ဦး တီးတိုးစကားများ ပြောဆိုနေကြသည်။
     “ဒီကောင်လေးက ဘယ်သူလဲ။ သူ့အသက်အရွယ်လေးနဲ့ ဒီမှာ ဘာလာလုပ်တာလဲ”

     “အလကားပါ၊ ကြည့်သာနဲ့ အသိသာကြီး၊ ငါပြောရဲတယ်၊ ဒီကောင် ဘာစွမ်းရည်မှ ရှိမှာ မဟုတ်ပါဘူး”

     “ငါ ကြားတာတော့ သူက ဥက္ကဌနဲင်ရဲ့ တူတော်မောင်ဆိုလားပဲ။ ဥက္ကဌနဲင်ရဲ့ သားက စစ်ပွဲမှာ ကျသွားခဲ့တယ်လေ၊ ဒီတော့ သူက နဲင်ကျင်းကို သူ့ရဲ့ သွေးသားရင်းတစ်ယောက်လို သတ်မှတ်နေတာ။ ဒီကောင်လေးကလည်း အဲလိုဆက်နွယ်တာပဲလား”

      “အဲ့ဒီလိုလား၊ အေးပေါ့လေ၊ မအံ့ဩတော့ပါဘူး”

     ရှလေအား သံသယမကင်းစွာဖြင့် ဝေဖန်ပြောဆိုနေကြပြီး၊ ထိုစကားများသည် ရှလေအား အထင်မကြီးသည့် အပျက်သဘောဆောင်သော မှတ်ချက်များသာ ဖြစ်ကြသည်။

     ရှီကျင်းချိုသည် အင်ဂျင်နီယာအဖွဲ့အနားတွင်ကပ်ပြီး စကားများကို ခိုး၍ နားထောင်ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းများတွင် ပျက်ရယ်ပြုသော အပြုံး ခပ်ရေးရေးပေါ်ထွက်လာပြီးနောက် သူမသည် လက်ကိုပိုက်ကာ ရှလေအား လူလိမ်အထင်ဖြင့် စိုက်၍ကြည့်နေလေသည်။
     ‘သူက ဘယ်တုန်းက အထက်တန်းပြီးလို့ အင်ဂျင်နီယာကျောင်းကို တက်ခဲ့လို့လဲ။ ဥက္ကဌရဲ့ တူမကို စကားလုံးလှလှလေးတွေနဲ့သွေးဆောင်ထားတာပဲ ဖြစ်လိမ့်မယ်။ သူက အကောက်ကြံနေတာပဲမဟုတ်လား။ ဒီနေရာက သူလိုလူ ရှိရမယ့် နေရာမှ မဟုတ်တာ၊ ဒီမှာက နိုင်ငံမှာ အတော်ဆုံး အင်ဂျင်နီယာတွေ ရှိနေတဲ့ နေရာပဲ။ အားလုံးက မာစတာတွေချည်းပဲ။ သူတို့ရဲ့ အကြည့်တွေအောက်က သူ ဘယ်လိုရှောင်ပြီး လှည့်ဖြားလို့ ရမှာလဲ။ တော်သေးလို့ ငါလည်း သူ အရူးလာလုပ်တာ ထပ်ခံရဦးတော့မလို့။ သူက ငါ့ကို ကြိုက်ခဲ့တယ်တဲ့လား။ သူနဲ့ တွဲရမှာလား။ ဟန့်… ကြည်ကောင်းရုံသာရှိတဲ့ ရွံစရာကောင်ပဲ’

     ရှလေသည် အလုပ်ရုံအတွင်း၌ လူအများ ဆွေးနွေးပြောဆိုရန်အတွက် အာရုံစိုက်စရာ ဖြစ်လာသည်။ အင်ဂျင်နီယာတိုင်းတွင် သူတို့ အမြင်၊ သူတို့၏ မတူညီသည့် အတွေးများနှင့် အမျိုးမျိုး ထင်မြင်နေကြသည်။ မည်သို့ပင် ဖြစ်ပါစေ ထိုအရာများသည် ရှလေအပေါ် တစ်စုံတစ်ရာသက်ရောက်ခြင်း မရှိပါချေ။
     ကွင်းများ၏ အချက်အလက်များနှင့် ဝင်ရိုးများ၏ လိုအပ်ချက်များကို ဖတ်ရှုပြီးနောက် ရှလေသည် တွင်ခုံအလုပ်ကို စတင်ခဲ့သည်။ သူလုပ်နိုင်လိမ့်မည်ဟု ပြောခဲ့သည့်အတိုင်း တွန့်ဆုတ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ လုပ်ကိုင်ခဲ့သည်။ လုပ်ရဲရခြင်း အကြောင်းမှာ သူ၏ မျက်လုံးသည် ကမ္ဘာပေါ်တွင် အတိကျ အကောင်းမွန်ဆုံးသောမျက်လုံး ဖြစ်သောကြောင့် ဖြစ်သည်။

    DGM အထူးတွင်ခုံသည် အမှန်တကယ်ပင် တိုးတက်ခေတ်မှီသည့်အရာဖြစ်ပြီး အသုံပြုနေစဉ်တွင် ဆူညံသံသည် မြည်ရုံမျှသာ မြည်သည်။ ထိုစက်သည် ကွင်းများ၊ စကူများအပြင် တိကျသော အစိတ်အပိုင်းများအားလုံးနှင့်လည်း ကိုက်ညီပေသည်။ ဂျာမနီထုန်ကုန်များသည် ဂုဏ်သတင်းသာ ရှိသည်မဟုတ်ဘဲ အမှန်တကယ်လည်း ကောင်းမွန်မှု ရှိပေသည်။ ရှလေ၏ လက်ထဲတွင် ဂျာမာန်အထူးတွင်ခုံသည် သိမ်မွေ့သွားသော တောရိုင်းကောင်အလား ဖြစ်၍နေပြီး အသေးစိတ်သော ခိုင်းစေချက်များကို လိုက်လံလုပ်ဆောင်နေပေသည်။ လှည့်မည့် ပစ္စည်းကို လမ်းကြောင်းပေါ်တင်ပြီးနောက်တွင် စက်ပေါ်မှ သတ္တုစပ်အစိတ်အပိုင်းများသည် ပုံစံတကျ အလွယ်တကူပင် ပုံသွင်းပိုင်းဖြတ်လိုက်သည်။ တစ်ဆင့်ချင်းဆီတိုင်းတွင် အနုစိပ်လှပြီး ကျွမ်းကျင်ပိုင်နိုင်လှသည်။

     “ဒီကောင်လေး တကယ်ပဲ ဒီစက်ကို အခုမှ ပထမဆုံး သုံးဖူးတာကော ဟုတ်ရဲ့လား”
     အင်ဂျင်နီယာအဖွဲ့များအကြားတွင် အဖြေမပါသည့် မေးခွန်းများထွက်ပေါ်လာသည်။

     “ငါထင်တာ ဒီကောင်လေး အရင်က ဒါမျိုး ကောင်းကောင်းသုံးဖူးလောက်တယ်။ သူကပဲ စကေးတွေကောင်းလွန်းနေတာတော့ မဖြစ်နိုင်ဘူး။ ငါတို့တောင် ကျွမ်းကျင်တဲ့ သူတွေ ငှားရမ်းပြီးမှ တဖြည့်းဖြည်းချင်းပဲ ဒီတွင်ခုံကို သုံးတတ်လာခဲ့တာ။ သူက ဘယ်လိုဖတ်ပြီးတော့ ဘယ်လိုများ အသုံးပြုနိုင်ရတာလဲ”
     တစ်ယောက်က ပြောလိုက်သည်။

    “ဟုတ်တယ်၊ ဒီကောင်လေးက ရိုးတော့မရိုးဘူး။ ဒီကောင်လေးက သုံးဖူးရဲ့သားနဲ့ ငါတို့ကို စပရိုက်တိုက်ချင်လို့ တမင် ရည်ရွယ်ချက်နဲ့ လုပ်တာ။ မဟုတ်လို့လား”
    အခြားတစ်ယောက်က ထပ်ပြောလိုက်သည်။

     “သူ ဂျာမန်စာကို တတ်နေတာ ဖြစ်နိုင်တယ်”
      နောက်တစ်ယောက်က ထပ်ပြောသည်။

     “ဂျာမာန်စာတတ်လည်း ဒီမှာက စက်နည်းပညာ အသုံးအနှုန်းတွေနဲ့ ရေးထားတာလေ။ ဒီလို ဂျာမာန်စာမျိုးကို ဘယ်သူက သင်လို့လဲ။ ဒီလို အထူးဂျာမာန်ကို ပရော်ဖက်ရှင်နယ်ကပဲ ဘာသာပြန်နိုင်မှာ။ တော်ရုံ စကားပြောလောက်ပဲ ရတဲ့သူကတော့ နားမလည်နိုင်ဘူးလေ”

     “အင်း၊ ဒီကောင်လေးက ထူးခြားတဲ့ကောင်လေးပဲ”
    အခြားတစ်ယောက်က အံ့အားသင့်စွာဖြင့် ပြောကြားလိုက်သည်။

     အင်ဂျင်နီယာများ၏ ဆွေးနွေးပြောဆိုနေမှုများကို ကြားရသည့်နောက်တွင် ရှီကျင်းချိုမှာ တဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်၍ လာလေတော့သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Место, где живут истории. Откройте их для себя