အပိုင်း(၆၀) ပြဿနာထပ်မရှာတော့ဘူး

161 15 1
                                    

       လျိုယင်သည် ကားကို တဖြည်းဖြည်းမောင်းနှင်၍ထွက်လာခဲ့သည်။ ထို့နောက် သူမသည် နိုက်စ်မုဗ်အားကစားပစ္စည်းကုမ္ပဏီအား တစ်ချက်လှည့်ကြည့်လိုက်သည်။ ကုမ္ပဏီသည် သူမ၏ယောက်ျား ကြိုးကြိုးစားစားတည်ထောင်ထားခဲ့ခြင်းဖြစ်ရာ ထိုအရာတွင် နက်ရှိုင်းသော ခံစားချက်များရှိနေသည်။ ယခုအခါ ဂူခဝမ်သည် ကုမ္ပဏီအား ပိုင်ဆိုင်သွားပြီဖြစ်သည်ကို သူမ၏စိတ်မှ လက်ခံနိုင်ဖို့ရာ ခက်ခဲနေသေးသည်။

        ရှလေသည် သူမအား ကားအမြန်မောင်းရန် မတိုက်တွန်းခဲ့ပါချေ။ သူသည် တိတ်တဆိတ်ပင် ရှိနေသည်။

       ထိုစဉ်  ဖုန်းရင်းသံ မြည်လာသည်။

       ရှလေသည် သူ၏ဖုန်းကို ထုတ်ကြည့်လိုက်ပြီးနောက် ဖုန်းကို လက်ခံဖြေကြားလိုက်သည်။
      “ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်..."

      လုံပိန်ထံမှ ဖုန်းဝင်လာခြင်းပင် ဖြစ်သည်။

      “နင် ငါ့ကို အကြွေးတင်သွားပြီနော်၊ ငါ ကိစ္စပေါ်လာတဲ့အခါကြရင် နင့်ကို ခေါ်ရလိမ့်မယ်"
      လုံပိန်က‌ ပြောလိုက်သည်။

      ရှလေသည် မဲ့ပြုံးပြုံးလိုက်ပြီး
      “ငါ နင့်ကို ဘာပြန်လုပ်ပေးရမှာလဲ"

       “အချိန်ကျရင် ပြောမှာပေါ့"
       လုံပိန်က ပြောသည်။
        “နင် သတိလည်းထားဦး။ ဂူခဝမ်က ကျင်ထူမြို့မှာရက်စက်တယ်ဆိုပြီး လူသိများတယ်။ အပေါ်ယံကြည့်ပြီး ကြွေမသွားနဲ့ဦး"

        “ငါသိသားပဲ။ သူက အဆိပ်ပြင်းတဲ့ မြွေပွေးမပဲ။ အပေါ်ယံ အဆင်းသဏ္ဌာန်က လှသလောက် ကြောက်စရာကောင်းတဲ့ လူမျိုးတွေ"
      ရှလေက ပြောလိုက်သည်။

      “အင်း အဲဒါဆိုလည်း ဒါပဲလေ။ နောက်မှ ပြောကြတာပေါ့"

      “ဟယ်လို"
      ရှလေသည် ရှရွှယ်အကြောင်းအား မေးမည်ပြုလိုက်သော်လည်း လုံပိန်သည် ဖုန်းချသွားခဲ့ပြီ ဖြစ်သည်။

       လျိုယင်သည် နောက်သို့လှည့်ကြည့်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက် ရှလေဘက်သို့ လှည့်ကာ သိလိုစိတ်နှင့် မေးလိုက်သည်။
     “လေ၊ နင်နဲ့ဖုန်းပြောတဲ့သူက ငါတို့ကို ကူညီပေးခဲ့တဲ့သူ ဟုတ်တယ်မလား။ သူမ ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ငါ သူ့ကို ကျေးဇူးတင်ချင်လို့ပါ"

နတ်ဘုရားမျက်လုံး ( Book-1 )Onde histórias criam vida. Descubra agora