အပိုင်း(၆၂) အလှပြင်ဆိုင်ပိုင်ရှင်

101 13 0
                                    


   
       ရှလေ တွန့်ဆုတ်နေသည်။ သူသည် ဘယ်ဘက်လမ်းကို သွားရမည်လော၊ ညာဘက်လမ်းကို သွားရမည်လော ဝေခွဲမရဖြစ်နေသည်။ နာရီကိုကြည့်လိုက်ရာ ည၁၁နာရီပင် ထိုးနေပြီ ဖြစ်သည်။

       ‘တော်ပါပြီ၊ ဆက်ရှာနေလည်း တွေ့မှာ မဟုတ်တော့ဘူး၊ငါ ပြန်သင့်ပြီ'
        ရှလေ လက်လျော့လိုက်သည်။

       ထိုစဉ် ယမဟာဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားသည်။ သူသည် ထိုဆိုင်ကယ်ကို လှမ်းကြည့်လိုက်သည်။ ထိုဆိုင်ကယ်သည် သူ လမ်းတစ်လျောက်တွင် တွေ့မြင်နေခဲ့ရသည့် ဆိုင်ကယ်များအတိုင်းပင် သူ့အတွက် ဘာထူးခြားမှုမှ ရှိမနေပါချေ။
      ထိုဆိုင်ကယ်သည် အဝေးတစ်နေရာသို့ မောင်းနှင်မသွားခဲ့ပါချေ။ တစ်နေရာအရောက်တွင် ထိုဆိုင်ကယ်သည် အရှိန်ပြင်းစွာ မောင်းနှင်နေရာမှ ရုတ်တရက် အရှိန်လျော့ချလိုက်ရာ ဆိုင်ကယ်နောက်ဘီးမှာ အပေါ်သို့မြောက်တက်သွားပြီး ဆိုင်ကယ်မှာလည်း ရပ်တန့်သွားသည်။ ပြီးနောက် ဆိုင်ကယ်နောက်ဘီးမှာ အောက်သို့ ပြန်ကျလာသည်။
       ထို့နောက် ဆိုင်ကယ်မောင်းသမားသည် ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သည်။

      ထိုအခါ ရှလေသည် ရုတ်တရက် နားထင်ကြောများထောင်၍သွားသည်။

       ထိုဆိုင်ကယ်မောင်းသမား၏ ပုံပန်းသဏ္ဌာန်မှာ လျိုယင်၏အိမ်၌တွေ့ခဲ့သည့် မိန်းမလျာ၏ပုံစံနှင့် အတူတူပင် ဖြစ်နေသည်။
      လုံးကျစ်သော တင်ပါး၊ သေးသွယ်သောခါးနှင့် လှပသော မျက်နှာအချိုးအစားရှိပြီး သန်းရှင်းတောင်ပြောင်သော သာမာန်အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူ့တွင် မိန်းမလျာဆန်သော ရုပ်ရည်မှာ ‌အသေအချာရှိနေသည်။

        ရှလေ၏ နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုအချက်များအရ ၎င်းသည် သူ၏အိမ်ထဲ ဝင်သွားခဲ့သည့် မိန်းမလျာဖြစ်မည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။
        ရှလေ ထိုနေရာသို့ မရောက်ရှိမီအချိန်တွင် မိန်းမလျာသည် တစ်နေရာရာသို့ သွားနေခဲ့ခြင်း သို့မဟုတ် လမ်းတစ်ဝက်မှ ပြန်လှည့်လာခဲ့ခြင်း ဖြစ်နိုင်သည်။ ရှ‌လေသည် လမ်းသုံးခွဆုံတွင် လမ်းတစ်လမ်းအား ရွေးချယ်၍ သွားလိုက်ပါက မိန်းမလျာအား ယခုကဲ့သို့ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပါချေ။ အကယ်၍ ထိုလမ်းဆုံမှ လှည့်ပြန်သွားပါကလည်း မိန်းမလျာနှင့် ဆုံစရာအကြောင်းမရှိပါချေ။
      ဤဆုံတွေ့မှုမှာ ထီပေါက်သည်ထက်ပင် ထူးခြားတိုက်ဆိုင်လွန်းနေသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Where stories live. Discover now