အပိုင်း(၈၂) ငါ့အပိုင်

73 5 0
                                    

       သူ့ကိုယ်သူပင် ရုန်းကန်နေရသော ဆင်းရဲသားကောင်လေးသည် ယွမ်သန်းပေါင်း ရာချီတန်သော မြေကွက်အား လာရောက်ကြည့်ရှုနေခြင်းလော။
        မည်သို့ ယုံကြည်ရပါမည်နည်း။ ချမ်းသာကြွယ်ဝသူများ မဆိုထားဘိ ကျောင်းနေအရွယ် ကလေးငယ်သည်ပင် ထိုကိစ္စအား မဖြစ်နိုင်မှန်း သိနိုင်ပေသည်။ ထိုသို့ မရှိတာကို အရှိလုပ်၍ ကြွားဝါလိုက်သည့်စကားသည် အဘယ်မျှ ရယ်ဖွယ်ကောင်းလိုက်ပါဘိနည်း။

       ဟွမ်းရိဟူ အားပါးတရပင် ရယ်မောလိုက်သည်။ အခြားသောသူဋ္ဌေးနှစ်ယောက်နှင့် သူတို့၏ ဘော်ဒီဂတ်များသည်ပင် ရယ်မောကြကုန်သည်။ သူတို့၏ ရယ်မောသံများတွင် အထင်သေးမှုများ၊ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

      ရှလေသည် ၎င်းတို့ ရယ်၍ဝလောက်သည်ထိအောင် စောင့်ပေးပြီးမှ ပြောလိုက်သည်။
       “ဘာဖြစ်တာလဲ၊ ဒီမြေကို ခင်ဗျားတို့ပဲ ကြည့်ခွင့်ရှိတာလား။ ကျုပ်ကြည့်လို့ မရတော့ဘူးလား"
       သူသည် လိုင်စစ်ယောင်အား ကြည့်လိုက်ပြီး
       “စစ်ယောင်၊ ဒီမြေကွက်က လေလံမပစ်ရသေးဘူး ဟုတ်တယ်မလား"

       လိုင်စစ်ယောင်က သူ၏စကားကို အတည်ပြုပြောဆိုသည်။
       “ဟုတ်တယ်၊ ဒီမြေကွက်က လေလံအခေါ်ဈေးတောင် မလာသေးဘူး။ ဘယ်သူမဆို လာကြည့်လို့ရသလို၊ လေလံလည်း ဝင်ပြိုင်ခွင့်ရှိတယ်"

        လီယုလန်က ရယ်ခနဲ့လိုက်ပြီး
         “မစ္စတာရှ၊ ပြောင်ချော်ချော်မလုပ်စမ်းပါနဲ့။ နင်က...၊ ငါ့အထင်တော့ နင် စရံငွေတောင် သွင်းနိုင်မှာ မဟုတ်ပါဘူး"

        ရှလေက အံ့ဩသွားသလို ဟန်လုပ်လိုက်ပြီး
        “အိုး…. အစိုးရပိုင်မြေကို ဝယ်ဖို့ စရံငွေ ပေးဖို့ လိုတယ်ပေါ့ ဟုတ်လား"

        “ဟားဟားဟားဟား….."
       
        ဤတစ်ကြိမ်တွင် အေးဆေးဆုံးနှင့် ထက်ထက်မြက်မြက်အရှိဆုံးဟု ဆိုရမည့် လီယုလန်သည်ပင် ရယ်မောလေတော့သည်။

        သူဋ္ဌေးကျောင့်က ပြောသည်။
        “ဒီကောင်လေးက စိတ်မမှန်လား"

        သူဋ္ဌေးဝမ်က ပြန်ပြောလိုက်သည်။
        “‌နေရာက လူကြိုက်လည်းများတယ်။ ဆပ်ကမ်းနဲ့လည်း နီးတယ်။ ပြီးတော့ သန်းပေါင်းရာချီ တန်တယ်။ အခု သူစီးလာတဲ့ ကားကို လှမ်းကြည့်လိုက်ပါဦး။ ယွမ်းသောင်းဂဏန်းလောက်ပဲတန်တဲ့ ပြည်တွင်းထုတ်ကားလေးပဲ စီးနိုင်တဲ့သူက သန်းပေါင်းရာချီတဲ့ လေလံမှာ ဝင်ပါမယ်တဲ့။ ဂေါက်နေပါပြီ…"

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora