အပိုင်း(၆) နောက်ယောင်ခံလိုက်ခြင်း

238 34 0
                                    

     ဂျူရှန်ဂရန်းတီးဟောက်အတွင်းပတ်ပတ်လည် နေရာများတွင် မီးအိမ်များ အလှဆင်ထားသည့်အတွက် မီးရောင်များ လင်းဖြာလျှက်ရှိသည်။ မီးအိမ်များသည် ရှေးဟောင်းနန်းတွင်း မီးအိမ်ပုံစံများ ဖြစ်ကြပြီး နေရာတစ်ခုလုံးကိုလည်း ရှေးခတ်ဆန်ဆန် ပြင်ဆင်ထားသည့်အတွက် ဇိမ်ခံပစ္စည်းများနှင့် ပြည့်နှက်နေသည့်  ရှေးဟောင်း နန်းရင်ခန်းမကျယ်ကြီးအလားပင် ထင်မှတ်ရလောက်အောင် ခမ်းနားလှသည်။
      သူဌေးသူကြွယ်များသာ တစ်ခါတစ်ရံ ဇိမ်ခံစားသောက်လေ့ရှိသောနေရာ ပင်ဖြစ်သည်။
    
     လမ်းဘေးတစ်နေရာတွင် တက္ကဆီကားတစ်စီး ဆိုက်လာသည်။ ထို့နောက် တံခါးပွင့်လာသည်။ တက္ကဆီပေါ်မှ ရှလေတစ်ယောက် ဝတ်စုံပြည့်ဖြင့် ဆင်းလာသည်။
     (၁၈၀)စင်တီ အရပ်အမောင်းကောင်းကောင်း၊ ခန္ဓာကိုယ်အချိုးအစားကျကျနှင့် ရင်အုပ်လက်မောင်း ကြွက်သားထင်းထင်းအပြင် သူ၏ ချောမောခန့်ညားသည့် ရုပ်ရေနှင့် ပေါင်းစပ်လိုက်ပါက ရှလေသည် ရာထူးမြင့်မြင့် အထက်တန်းစားတစ်ယောက်နှင့် တူနေတော့သည်။
     ရှလေသည် ဂျူရှန်ဂရန်းတီးဟောက်ထဲသို့ လျှောက်ဝင်လာခဲ့သည်။
     အထဲသို့ရောက်သည့်အခါ  ဈေးအနည်းဆုံးဖြစ်သည့် ဘီတန်စနိုး လက်ဖက်ရည်တစ်ခွက်မှာလိုက်ပြီး ထောင့်စွန်းနားက ခုံတွင် ဝင်ထိုင်လိုက်သည်။
    
     လူများစွာတို့သည့် လက်ဖက်ရည်သုံးဆောင်နေကြပြီး အချို့သည် ဆိုင်ခန်းကြီး အတွင်း၌ ရှိနေကြကာ အချို့မှာ သီးသန့်အခန်းငယ်များတွင် ရှိနေကြသည်။ အားလုံးသည် အေးဆိတ်တည်ငြိမ်စွာပင် ရှိနေကြသည်။ ရှလေသည် ဆိုင်အတွင်းပတ်ပတ်လည်ကို သေသေချာချာရှာကြည့်သော်လည်း လီချန်ဟွာကို ရှာမတွေ့ပေ။ ထို့နောက် သူသည် လီချန်ဟွာကို ရှာဖွေရန်အတွက် ဘယ်ဘက်မျက်လုံး၏ ထွင်းဖောက်အမြင်ကို သုံးကာ သီးသန့်ခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးလိုက်သည်။
     သီးသန့်ခန်းများသည် သစ်သားနံရံများဖြင့် ကာရံထားပြီး ဝါးနှင့်အလှဆင်ထားသည့် ကန့်လန့်ကာများဖြင့် ကာဆီးထားသည်။ ပုံမှန်အတိုင်းဆိုပါက ထိုအကာအရံများကို ကျော်ဖြတ်ပြီး အခန်းတွင်းကို မြင်နိုင်ဖို့မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် ထိုအကာအရံများသည် ရှလေအတွက် မဆိုစလောက်ပင်ဖြစ်သည်။ အခန်းတိုင်းက အရားအားလုံးကို ဖောက်မြင်နေရသည်။
   
     မိနစ်အနည်းငယ်ကြာပြီးနောက် ရှလေ၏ အကြည့် သည် သူထိုင်နေသည့် နေရာနှင့် မနီးမဝေး နေရာက အခန်းတစ်ခုတွင် ရပ်တန့်သွားသည်။
     အခန်းထဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ရှိနေသည်။
     အမျိုးသားသည် အသက်လေးဆယ်ဝန်းကျင်ခန့်ရှိပြီး ဝဝပုပုလူတစ်ယောက်ပင်ဖြစ်သည်။ လက်ဟန်ခြေဟန် မာန်အပြည့်ဖြင့် ပြောဆိုနေပြီး အတော်ကို လေပေးသင့်လို့နေပေသည်။  အမျိုးသမီးသည် အသက်နှစ်ဆယ့်ခုနှစ်နှစ်နှင့် နှစ်ဆယ့်ရှစ်ကြားခန့် ရှိပြီး လှပသေသပ်သည့် မျက်နှာပေါက်နှင့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Tempat cerita menjadi hidup. Temukan sekarang