အကယ်ဒမီ စာမေးပွဲများတွင်လည်း အာမခံပေးမည့်လူ လိုအပ်ပြီး စည်းမျဉ်းများမှာ ယခင်စီရင်စုစာမေးပွဲများ၏ စည်းမျဉ်းများနှင့် ဆင်တူသည်။
စာမေးပွဲမဖြေမီ ရက်အနည်းငယ်အလိုတွင် ဝေ့လင်းရှို့သည် အနည်းငယ် ဂနာမငြိမ်ဖြစ်နေသည်။
သူ၏ညီဖြစ်သူ ဝေ့လင်းယွမ်ကလည်း ယခုနှစ် အကယ်ဒမီ စာမေးပွဲတွင် ပါဝင်မည်ဖြစ်သည်။ သူက စာလေ့လာခြင်းတွင် မတော်ဘဲ သူ့ညီနှင့် လုံးဝ မယှဉ်နိုင်ဟု ယခင်က တွေးခဲ့ဖူးသည်။ ယခု သူ့တွင် သူ့ညီနှင့် ယှဉ်ပြိုင်ချင်စိတ် ရှိလာသော်ငြား သူ့ညီက အသိအမှတ်ပြုခံရပြီး သူက မအောင်မြင်မည်ကို စိုးရိမ်နေမိသည်။
သူ့ညီဟာ ငယ်ငယ်လေးကတည်းက မျိုးနွယ်စုထဲမှ လူတိုင်း၏ ချီးကျူးဂုဏ်ပြုခံရသော ပါရမီရှင်ကလေးတစ်ဦး ဖြစ်သည်။
နောက်တစ်ညအကြာတွင် ဝေ့လင်းရှို့သည် အိပ်မပျော်နိုင်တော့ဘဲ ထကာ ခြံဝန်းဆီသို့ သွားသည်။
သူတို့သည် ဖူချန်ရှိ ဝေ့မိသားစု စာအုပ်ဆိုင်၏ အနောက်ခြံဝန်းငယ်တွင် နေထိုင်နေကြသည်။ သူတို့အပြင် ဤခြံဝန်းထဲတွင် အခြားလူနှစ်ဦးလည်း နေထိုင်လျက်ရှိသည်။ ဤအချိန်တွင် အခြားလူတိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြလောက်ပြီး တစ်လောကလုံးဟာ တိတ်ဆိတ်နေကာ သူတစ်ဦးတည်း ရှိနေသကဲ့သို့ပင်...
ဝေ့လင်းရှို့သည် အချိန်မည်မျှကြာကြာ ထိုင်နေမိမှန်း မသိဘဲ ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည် : “ မင်း ဘာလို့ ဒီလောက် အစောကြီး နိုးနေတာလဲ? ”
ခေါင်းလှည့်ကြည့်လိုက်သော် သူသည် ယန်ကျင်းဇီကို တွေ့လိုက်ရသည်။
ယန်ကျင်းဇီက မျက်မှောင်ကြုတ်ကာ မေးသည် : “ မင်း ညက အိပ်လို့မရဘူးလား? ” ဤရက်များတွင် ဝေ့လင်းရှို့ အနည်းငယ် ပင်ပန်းနေကြောင်း သူ သိထားပြီးဖြစ်သည်... ဒါက သူ ညဘက် အိပ်မပျော်တာကြောင့်လား?
“ ငါ စာမေးပွဲ မအောင်ရင် ဘယ်လိုလုပ်မလဲ? ” ဝေ့လင်းရှို့က မေးသည်။ သူသည် စီရင်စုစာမေးပွဲကို အောင်မြင်ခဲ့သော်လည်း သူ့အဆင့်က နိမ့်သည်။ ထို့ကြောင့် အကယ်ဒမီ စာမေးပွဲ အောင်မြင်ရန်မှာ မျှော်လင့်ချက် နည်းနည်းသာ ရှိသည်။