ယနေ့ပွဲသို့ လာကြသောသူများသည် ရှဝေချန်နှင့် မရင်းနှီးလျှင်တောင်မှ ပွဲသို့မလာမီတွင် ရှဝေချန်၏ အချက်အလက်ကို ဖတ်ခဲ့ကြသဖြင့် သဘာဝကျစွာပင် ရှဇီရှို့အကြောင်းကို သူတို့ သိကြသည်။
ထိုအချိန် အချက်အလက်ကို သူတို့ ကြည့်ခဲ့သောအခါ၌ ရှဇီရှို့၏ရုပ်ရည်က တကယ်ကို ပေါ်လွင်ထူးခြားလွန်းသည်ဟု သူတို့ တွေးခဲ့ကြ၏။
ယခု သူတို့ လူအစစ်ကို တွေ့ရသော်...
ဒါက အရမ်းကြည့်ကောင်းတာထက်တောင် ပိုသေးတယ်!
လူတိုင်း၏ အလှတရားနှစ်သက်မှုများက ကွဲပြားကြသည်။ တချို့က ဖြူစင်သူများကို သဘောကျကာ တချို့က လှပသူများကို ကြိုက်ကြပြီး တချို့က ပိန်ပါးသူများကို နှစ်သက်၍ တချို့က အသားပြည့်ဖောင်းသူများကို နှစ်ခြိုက်ကြသည်။
သို့သော် ရှဇီရှို့က မချောမောဟု ဘယ်သူမှ မပြောနိုင်ကြချေ။
သူ့မျက်ဝန်းများက ကြည်လင်တောက်ပသည်၊ သူ့နှာတံက တောင့်တင်းဖြောင့်စင်းသည်၊ သူ့အသားအရေက နူးညံ့ပြီး ဖြူဖွေးသည်၊ သူ့ဆံပင်တိုက အနည်းငယ် ရှုပ်ပွနေသော်ငြား သူ့မျက်နှာအသွင်အပြင်နှင့် မဖော်ပြတတ်စွာ လိုက်ဖက်ညီနေသည်။
သူဟာ လူတို့၏စိတ်ဝိညာဉ်ကို ခိုးယူနိုင်သော နတ်သားငယ်လေးနှင့် တကယ်ကို တူသည်။ ပါတီသို့ လာကြသူ အားလုံးနီးပါးသည် သူ့ကြောင့် အံ့အားသင့်သွားကြရသည်။
ယနေ့ခေတ်တွင် အလှပြင်ကိရိယာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြရာ လူတိုင်းသည် အလိုရှိသရွေ့ ချောမောလှပနိုင်လာကြသည်။ သို့သော် ရှဇီရှို့တွင် သူ့ထံ၌သာ ရှိသည့် တမူထူးခြားသော အရောင်အဝါ ရှိသည်။ လူအများကို ကြည့်သော သူ့အကြည့်က လူတို့ကို နားလည်ရခက်စွာဖြင့် သူ့အား သဘောကျစေသည်။
တပ်မှူးခုနစ်ဦးသည် ရှဇီရှို့ကို တွေ့သောအခါ အရှင် Marshal က ရှဝေချန်ကို "အဖေ" ဟု လိုလိုလားလား ခေါ်နိုင်ရသော အကြောင်းအရင်းကို သူတို့ နားလည်သွားကြသည်။