လုကျင်းရှိူ့၏မျက်နှာမှာ သုန်မှုန်နေပြီး သူ့မျက်ခုံးများမှာလည်း တွန့်ချိုးနေကာ သူ့အကြည့်က ယန်ကျင်းဇီထံသို့ ဓားတစ်ချောင်းကဲ့သို့ ဖြတ်သွားသည်။
သူ့ကို သဘောကျသည်ဟု ယန်ကျင်းဇီက ပြောသောအခါ သူ့ခန္ဓာကိုယ်မှာ ပူတက်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ၎င်းက မဖြစ်နိုင်ကြောင်း သူ သဘောပေါက်သွားရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က လုရွေ့ချွင်ဟာ ဆိုးဆိုးရွားရွား အရက်မူးနေခဲ့ပြီး ယန်ကျင်းဇီက သူ့ကို သွားကြိုသည့်အပြင် တစ်ညလုံးပင် ဂရုစိုက်ပေးခဲ့သည်။
ထိုကိစ္စမတိုင်ခင်က ယန်ကျင်းဇီဟာ လုရွေ့ချွင်ကို ပို၍ပင် ချစ်ခင်ခဲ့သေးသည်။
ဤနှစ်ဦး၏ သတင်းများကို သူက တမင်သက်သက် နားမထောင်လျှင်တောင်မှ "လုရွေ့ချွင်က တစ်ခုခုကို စားချင်တယ်လို့ ပြောတော့ ယန်ကျင်းဇီက ညလယ်ခေါင်ကြီးမှာတောင် သူ့အတွက် သွားဝယ်ပေးတယ်" ၊ " လုရွေ့ချွင်က အားလပ်ရက်ခရီးထွက်တုန်း သူ နေလို့မကောင်းဘူးလို့ ပြောတော့ ယန်ကျင်းဇီက နိုင်ငံကို ချက်ချင်း ပြန်ချလာတယ်" ၊ "လူတချို့က လုရွေ့ချွင်အကြောင်း မကောင်းပြောရင် ယန်ကျင်းဇီက အဲ့လူတွေနဲ့ ရန်ဖြစ်ပြီး ရဲစခန်းမှာ ပြဿနာရှာတယ်" နှင့် အလားတူကိစ္စအချို့ကို ကြားနေရဆဲပင်။
လုရွေ့ချွင် လွန်ခဲ့သော ရက်အနည်းငယ်က ပြန်ပြောင်းရွှေ့လာသောအခါ ယန်ကျင်းဇီက သူ့ကို စတင်မြှောက်ပင့်တော့သည်။ ယန်ကျင်းဇီက သူ့ကို အမြဲစကားပြောသော်ငြား လုရွေ့ချွင် ရှိနေသရွေ့ ယန်ကျင်းဇီက သူ့ကို လာမတွေ့ချေ။
သူသည် တကယ်တော့ ကျင့်သားရနေပြီဖြစ်ကာ သိပ်ပြီး အဆင်မပြေမခံစားရပေ။ သို့ရာတွင် ယခု သူ ပြန်တွေးမိသောအခါ ခန္ဓာကိုယ်ထဲမှ တက်လာသည့် အပူဓာတ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
ယန်ကျင်းဇီက စကားချိုချိုလေးတွေ ပြောတတ်တဲ့ လူတစ်ယောက် ဖြစ်ရုံပဲ၊ ဒီအတိုင်းပဲ ပေါ့ပေါ့ဆဆ ပြောလိုက်တာမလား?