စစ်ဌာနချုပ်သည် တပ်မ ၈ မှ လူအချို့ ကျူးလွန်ခဲ့သော တရားမဝင် ရာဇဝတ်မှုများ အားလုံးကို လျှို့ဝှက်ထားခြင်းမရှိဘဲ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။
မှောင်ခိုကုန်ကူးခြင်း၊ လူကုန်ကူးခြင်း၊ လုပ်ဖော်ကိုင်ဖက် အရာရှိများကို သတ်ဖြတ်ခြင်း...
ရှဝေချန် ပျောက်ကွယ်သွားပြီး ပြန်ရောက်လာခဲ့သည့် ဖြစ်ရပ်ကို လွန်ခဲ့သော နှစ်ရက်အတွင်း အင်တာနက်ပေါ်တွင် ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြသည်။ လူတချို့သည် ရှဝေချန်နှင့် သူ့လက်အောက်ရှိ တပ်သားများ ပျောက်ဆုံးပြီးနောက် တပ်မ ၈ ၏ ဘာကိုမျှ မလုပ်ဆောင်မှုကို တွေ့ရှိခဲ့ကြ၏။
သို့သော် လူအများသည် ဤမျှလောက်သော ကိစ္စများစွာ ပါဝင်ပတ်သက်နေမည်ကို တစ်ခါမှ မတွေးဆမိခဲ့ကြပေ။
ရှဝေချန် ပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းက သူ့လုပ်ဖော်ကိုင်ဖက် ဥပဒေချိုးဖောက်ခဲ့တာကို သူ ရှာတွေ့မိလို့ ရက်ရက်စက်စက် နှုတ်ပိတ်ခံလိုက်ရတာကြောင့်ပဲ!
ရှဝေချန်နှင့် သူ့တပ်သား ၃၀၀၀၊ နောက်ဆုံးတွင် လူတစ်ဒါဇင်သာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ကြသည်... အဲ့လူတွေအကုန်လုံးက မဟာမိတ်ရဲ့ ထိပ်တန်းစစ်သည်တော်တွေ!
ယခင်ကမူ လူအများဟာ အသေးစိတ် အကြောင်းအရာကို မသိခဲ့ကြဘဲ ရှဝေချန်၏ ပျောက်ဆုံးသွားမှုမှာ စကြဝဠာထဲရှိ မတော်တဆမှုတစ်ခုကြောင့်ဟုသာ တွေးထင်ခဲ့ကြသည်။ ယခုမူ သူတို့သည် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်ခဲ့သည်ဟု ရုတ်တရက် သိလိုက်ရသောအခါ အားလုံး ဒေါသပေါက်ကွဲသွားကြ၏။
"ဒီလူတွေက လူ့တိရစ္ဆာန်တွေပဲ!"
"ကြောက်စရာကောင်းလိုက်တာ၊ ဒီနေ့ဒီခေတ်မှာ ဒီလိုကိစ္စတွေ ဖြစ်နေဦးမယ်လို့ ငါ မထင်ခဲ့ဘူး!"
"တရားခံတွေကို သေဒဏ်ပေးရမယ်!"
"အရှင် Marshal ရုတ်တရက် ပေါ်လာပြီး Cossack ရာထူးကနေ အထုတ်ခံရတာ မဆန်းတော့ပါဘူး။ ဒါကြောင့်ကိုး!"
...
စစ်ဌာနချုပ်မှ ထုတ်ပြန်သော သတင်းအချက်အလက်ကို Allen ဟာ ဟိုးအရင်ကတည်းက စုံစမ်းခဲ့ပြီးဖြစ်သည်။ အကြောင်းအရာက အလွန်အသေးစိတ်ပြီး ၎င်းက အလွန်စိတ်တိုစရာကောင်းသည်။ သို့သော်လည်း လူတို့၏ဒေါသသည် ရာဇဝတ်ကောင်များကိုသာ ဦးတည်ပြီး အခြားသူများထံသို့ မရောက်ရှိချေ။