အပိုင်း ၁၁၁ ( The President 11 )

3.5K 553 6
                                    

ယန်ကျင်းဇီသည်လည်း ကျန်းယွင်ရှိူ့က ခေတ်ကာလများနှင့် အဆက်အသွယ်ပြတ်နေကြောင်း သတိထားမိသည်။

ဥပမာအားဖြင့် သူသည် စမတ်ဖုန်းများ၊ Weibo စသည်တို့ကို အသုံးပြုလေ့မရှိပေ။ သတိပေးမခံရလျှင် သူက ဖွင့်ကြည့်ရန် သတိရခြင်းမှာ မဖြစ်နိုင်ချေ။

ဤသည်က သူ၏ ဂီတကို စွဲလမ်းမှုနှင့်လည်း သက်ဆိုင်သည်။

သာမန်လူများတွင် လူမှုဆက်ဆံရေး ကြောက်ရွံ့မှု ရှိပြီး လူများနှင့် ဆက်သွယ်ထိတွေ့ရသည်ကို မနှစ်သက်လျှင်တောင်မှ ၎င်းက သူတို့၏ အင်တာနက် အသုံးပြုခြင်းကို မတားဆီးနိုင်ချေ။ ကျန်းယွင်ရှိူ့ကတော့ ကွဲပြားသည်။ သူသည် အင်တာနက် အသုံးပြုရခြင်းကို မကြိုက်ဘဲ သူ့အချိန်အများစုကို ဂီတတီးခတ်၍ ကုန်ဆုံးလေ့ရှိသည်။ တခြားသူများက သူ့ကို ဂီတနှင့်ပတ်သက်၍ ပြောလျှင် သူက အဆုံးမဲ့ စကားပြောနိုင်ပေသည်။ သူ့ကို လတ်တလော ရေပန်းစားလျက်ရှိသော ဂိမ်း သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ပြောလျှင် သူက လုံးဝ စိတ်ရှုပ်ထွေးသွားလိမ့်မည်ဖြစ်သည်။

သူ၏ အပြင်ထွက်ရခြင်း မနှစ်သက်မှု‌ကို လောင်ချိုက် သိသွားသည်။ လောင်ချိုက်က သူ့ကို ဘယ်ဂိမ်းကို ဆော့ရတာ ကြိုက်သလဲဟု မေးသောအခါ သူက ဂိမ်းမကြိုက်ကြောင်း ပြောပြီးနောက် သတိကြီးစွာဖြင့် ဆိုသည် : “ ငါ Plants vs. Zombies ဆော့ဖူးတယ်။ အကြိမ်တိုင်း ငါ ဇွန်ဘီတွေ အစားခံရလို့ ဆက်မဆော့တော့ဘူး။ ဒါပေမယ့် ငါ ဦးနှောက်အစားခံရတာနဲ့ ပတ်သက်ပြီး horror ဂီတတစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ ”

လောင်ချိုက် : “ ... ”

လောင်ချိုက်သည် စကားပြောဆိုနိုင်မည့် နောက်ထပ်အကြောင်းအရာတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည် : “ ငါ သိတာ မင်းနဲ့ ကျင်းဇီတို့က အလယ်တန်းကျောင်း အတန်းဖော်တွေဆို? ငါ သူ့ကို အထက်တန်းကျောင်းမှာမှ တွေ့ဖူးတယ်။ သူ အရင်က ဘယ်လိုလဲ ဆိုတာ ငါ သိတောင် မသိဘူး။ ”

“ အရင်က... အခုလောက် သူက ကြည့်မကောင်းခဲ့ဘူး။ အခုလက်ရှိထက်လည်း သူက သတ္တိပိုနည်းခဲ့တယ်။ ” ကျန်းယွင်ရှိူ့က ဤအကြောင်းအရာကို နှစ်သက်ပြီး တမ်းတလွမ်းဆွတ်သော အကြည့်ကို ပြသလာသည် : “ သူ အနိုင်ကျင့်ခံရမှာကို ငါ အမြဲစိုးရိမ်နေခဲ့ရတယ်။ သူ ရုတ်တရက် ကျောင်းထွက်သွားတုန်းက ငါ တော်တော်စိတ်ပူခဲ့တယ်။ ကံမကောင်းတာက ငါ သူ့ကို နောက်ပိုင်း မရှာနိုင်ခဲ့တာပဲ။ ”

ချစ်ခင်ပွန်း ( ဘာသာပြန် ) [ ဒုတိယမြောက် ]Dove le storie prendono vita. Scoprilo ora