ယန်ကျင်းဇီသည် သူကိုယ်တိုင် ကူးပြောင်းလာခဲ့သော ဖြစ်ရပ်ကြောင့် ဤကဲ့သို့ ထူးဆန်းထွေလာများအား ပိုမိုလက်ခံနိုင်စွမ်း ရှိလာသည်။ ယခု ကျန်းယွင်ရှိူ့၏ စကားကို နားထောင်ပြီးနောက် သူ့ကဲ့သို့ ကမ္ဘာကူးပြောင်းလာသော တစ်စုံတစ်ဦး ရှိနိုင်မည်ဟု သူသည် တွေးမိသည်။
သူသည် ကမ္ဘာမကူးပြောင်းလာခင် အတိတ်ကို အမှတ်ရမှု မရှိဘဲ ကူးပြောင်းလာသော်ငြား ထိုလူက မှတ်ဉာဏ်ဖြင့် ကူးပြောင်းလာနိုင်သည် သို့မဟုတ် အနာဂတ်မှ အတိတ်သို့ ပြန်ရောက်လာခြင်းပင် ဖြစ်နိုင်သေးသည်။
ခဏ၊ ဒါကို ကမ္ဘာကူးပြောင်းလာတာလို့ မခေါ်သင့်ဘူး။ ဒါပေမယ့်.... ပြန်လည်မွေးဖွားတာလား?
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ကြည့်ကာ ရုတ်တရက် မေးသည် : " ယွင်ရှိူ့၊ မင်းနဲ့ အမေ အရင်တစ်ခေါက် ဈေးဝယ်ထွက်တုန်းက သုံ့ချင်းလင်နဲ့ တွေ့ခဲ့လား? သုံ့ချင်းလင်က ဝမ်ရှန်းချောင်နာမည်ကိုလည်း မင်းရှေ့မှာ ပြောခဲ့တာလား? "
" မင်း ဘယ်လိုသိလဲ? " ကျန်းယွင်ရှိူ့သည် မကျေမနပ်ဖြစ်ပြီး ယန်ကျင်းဇီ၏ ရင်ဘတ်ပေါ်တွင် မေးစေ့ကို တင်ကာ ယန်ကျင်းဇီကို မေးစေ့ဖြင့် "ထိုး" လိုက်သည်။
သူသည် ယန်ကျင်းဇီရှေ့တွင် သုံ့ချင်းလင်အကြောင်း မပြောချင်သောကြောင့် ယန်ကျင်းဇီကို ထိုအကြောင်း မပြောပြခဲ့ချေ။
" အမေ ပြောပြတယ်။ " ယန်ကျင်းဇီသည် ခေါင်းမော့ပြီး ကျန်းယွင်ရှိူ့ကို နမ်းလိုက်သည် - သူ့ရှေ့မှာ လှဲနေတဲ့ ဒီမျက်နှာကို မနမ်းဘဲ မနေနိုင်ဘူး!
ကျန်းယွင်ရှိူ့က နှစ်ကြိမ်နှစ်ခါ နှာမှုတ်လိုက်သည် : " သူ ပြောခဲ့တယ်... ဘာဖြစ်လို့လဲ? "
" အဲ့တုန်းက အခြေအနေကို မင်း ကိုယ့်ကို ပြောပြပါဦး။ " ယန်ကျင်းဇီက ပြောသည်။
ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီကို နောက်တစ်ကြိမ် ကိုက်ပြီးနောက် တွန့်ဆုတ်စွာ စတင်ပြောပြသည်။ ပြောပြပြီးသောအခါတွင် သူက ဆက်ပြောသည် : " မင်းကို သူနဲ့ တွေ့ခွင့်မပေးဘူး။ မင်း သူနဲ့ စကားမပြောရဘူး။ "