အခန်း ( ၇၈ )
ပထမဆုံး လုပ်ငန်းစဉ်
ချင်မိသားစုသည် ဩဇာထွားလာကြီးပြီး ဇန့်စ်အင်ပါယာရှိ ထောင့်တိုင်သုံးရပ်အနက်မှ တစ်ခု ဖြစ်လာရသည့် အကြောင်းရင်းမှာ နတ်သူငယ်ဘုရင်၏ သွေးဆက်ကြောင့်ပင်ဖြစ်သည်။ နတ်သူငယ်ဘုရင် သွေးဆက်သည် တစ်စုံတစ်ယောက်ထဲ၌ နိုးထလာသည့်အခါတွင် ၎င်းတို့သည် ချက်ချင်းဆိုသလိုပင် စစ်သည်တော်ရော မှော်ဆရာပါ နှစ်မျိုးစလုံး ဖြစ်လာကြပေလိမ့်မည်။ ထိုသူသည် ၎င်း၏ နတ်သူငယ်ဘုရင် သွေးဆက်ကို စတင်ဖွင့်လိုက်ပြီး နတ်သူငယ်ဘုရင်ပုံစံ တိုက်ပွဲဝင်သည့်အခြေအနေသို့ ဝင်ရောက်သည့်အခါ သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ပို၍ပင် တိုးတက်လာမည်ဖြစ်ပေသည်။
"ငါက စစ်သည်နဲ့ မှော်ပညာပေါင်းစပ်ထားသူ တစ်ယောက် အနေနဲ့ မလေ့ကျင့်နိုင်ရင်တောင်..."
ချင်ကျင်းသည် မှော်ဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
“ငါဟာ စစ်သည်တော် တစ်ယောက် ဖြစ်လာနိုင်သေးတယ်"
အဆုံးမဲ့ကမ္ဘာရှိ ရွာငယ်လေးသည် ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ဘလိတ်သည် တံခါးဝတွင် ချင်ကျင်း ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ၏ တိမ်ကွယ်နေသော မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။
“အဲ့ဒီမှာ ပစ္စည်းအမှာစာ သုံးခုရှိတယ်။ ပင်ပန်းနွမ်းနယ်မှု တိုက်ဖျက်ရေး ဆေးမှုန့်ကို ဝယ်ဖို့ ပိုက်ဆံနည်းနည်းလောက်ရအောင် အဲ့အလုပ်တွေကို အရင်လုပ်ပါ”
ဘလိတ်မှ ပြောလိုက်သည်။
"စီးပွားရေး"
ချင်ကျင်းသည် ပေတုံးဆီသို့ လျှောက်သွားကာ အနီးနားရှိ နွားသားရေပြားသုံးချပ်ကို ကောက်ယူလိုက်သည်။ ပစ္စည်းအမှာစာများမှာ သူ့စိတ်ကူးနှင့် အလွန်ကွာခြားသည်ကို တွေ့ရသောအခါ အံ့အားသင့်သွားခဲ့ရသည်။ အမှာစာများမှာ လက်နက်နှင့် သံချပ်ကာများ သွန်းခြင်းသာဖြစ်မည်ဟု သူထင်ထားသော်လည်း ၎င်းတို့မှာ ရွာအရှေ့ဘက်ခြမ်းတွင်နေထိုင်သော အန်တီဝမ်အတွက် မီးဖိုချောင်သုံးဓားဖြစ်ပြီး ရွာအနောက်ဘက်တွင်နေထိုင်သော ဦးလေးလုခ်အတွက် တံစဉ်နှင့်ပေါက်ပြားတစ်ခု ပြုလုပ်ပေးရန်သာ ဖြစ်သည်။
YOU ARE READING
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း
Spiritualမိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်