Part-13

23.1K 1.1K 42
                                    

အေးစက်နေသောလေထုသည် လူနှစ်ယောက်ကြားကြီးစိုးလျက်ရှိပြီး ခပ်ငြိမ့်ငြိမ့်ရွေ့လျားနေသော Macedesကားအဖြူရောင်လေးသည် လမ်းကြိုလမ်းကြားများကိုဖြတ်လျက် သစ္စာငြိမ်ရပ်ကွက်လေးအတွင်းသို့ လှုပ်လီလှုပ်လဲ့ဝင်ရောက်လာတော့တယ်။ခလုတ်ကန်သင်း ချိုင့်ခွက်များတဲ့လမ်းမို့ ဒီလိုကားအကောင်းစားကြီးတွေကိုမြင်ရဖို့ဟာ တစ်သက်မှာတစ်ခါတောင်မရနိုင်သည့်အခွင့်အရေးမို့ ရပ်ကွက်ထဲမှလူများက ဟိုတစ်စ ဒီတစ်စ မတ်တတ်ရပ်ကာ စပ်စုနေကြတယ်။

"ဟိုရှမ်းခေါက်ဆွဲဆိုင်မှာ မလုပ်တော့တာလား အနွံ။ဟိုတစ်ခါ ဦးလေးလာစားတော့ မတွေ့တော့လို့လေ "

တိတ်ဆိတ်နေသောလေထုကို စတင်ဖြိုခွဲလိုက်သူက နှောင်ကြိုးငယ်။ရှည်သွယ်သွယ်လက်ချောင်းပေါ်မှာ ယှက်ဖြာနေသည့်သွေးကြောစိမ်းဖန့်ဖန့်လေးတွေကြောင့် ဝတ်ထားသည့်နာရီအနက်ရောင်နှင့်လိုက်ဖက်လွန်းလှတယ်။ဘယ်ဘက်လက်သန်းကြွယ်မှာရှိနေသော စိန်လက်စွပ်ကိုအနွံကငေးစိုက်ကြည့်နေရင်းက...

"မ...မနက်ပိုင်းဘဲ ပန်း...ပန်းရောင်းဖြစ်တော့တယ်။ဆယ်...ဆယ်တန်းတက်ရတော့မှာမို့ ကျစ် "

အနွံ့ခေါင်းလေးဟာ ဘယ်ဘက်သို့စောင်းသွားပြီး လက်နှစ်ဖက်ကပေါင်ကိုတင်းတင်းဆုပ်ကိုင်လိုက်တယ်။"အနွံ့အိမ်မှာ ထမင်းလိုက်စားပါလား"ဆိုပြီး အတင်းခေါ်လာမိတာဟာ မှားသွားပြီလားလို့ အနွံ သူ့ကိုယ်သူမေးမိတယ်။အမေက ဖေဖေ့ဆီက တမင်ရှောင်ပြေးချင်တာဆို ဘယ်လိုလုပ်မလဲ။

"ဆယ်တန်းဆိုတော့ စာကိုဂရုစိုက်လုပ်ရမှာပေါ့။ဒါနဲ့ ဘယ်အိမ်လဲ အနွံ"

"ဟို...ဟိုး နားကအိမ်"

အနွံ လက်ညှိုးထိုးပြသည့် အိမ်လေးကို နှောင်ကြိုးသေချာစိုက်ကြည့်လိုက်တယ်။ဝါးကပ်တွေဖြင့် ခြံကာထားပြီး ယိုင်နဲ့နေတဲ့အိမ်ငယ်လေးကိုတွေ့လိုက်ရတာနဲ့ နှောင်ကြိုးရင်ထဲမချိမဆန့်ခံစားလိုက်ရတယ်။ကိုယ်တိုင်ကလည်း ဒီလိုခက်ခဲတဲ့ဘဝကလာတာမို့ ဒီအခြေအနေကိုသဘောပေါက်တယ်။နှောင်ကြိုးတို့ကားလေးကို ခြံရှေ့ရပ်လိုက်ကာ ကားပေါ်ကဆင်းလိုက်တာနဲ့ စူးစမ်းလိုသည့်မျက်ဝန်းစိမ်းတို့နှင့်ဆုံလိုက်ရပြီး အနွံ့ခေါင်းလေးငုံ့လိုက်သည်ကို နှောင်ကြိုးသတိထားမိလိုက်တယ်။ဖလန်ကွက်ရှပ်အင်္ကျီကိုအပေါ်ကဝတ်ထားသည့်အနွံဟာ အဝတ်ပုံထဲပျောက်နေသည့် ပိုးတုံးလုံးလေးနှင့်တောင်တူနေသေးတယ်။

နွံ(Completed )Where stories live. Discover now