Part-25

27.8K 1.3K 116
                                    

အမြဲလိုလိုသာယာနေတတ်ပြီး ဆူညံပူညံသံတွေမကြားရဘဲ ရယ်မောစနောက်သံတွေပြည့်နေတတ်တဲ့ ညီညီတို့အိမ်ကလေးဟာ လွန်ခဲ့တဲ့တစ်ပတ်ကစပြီးတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ဖေဖေလည်း မော်လမြိုင်ပြန်သွားပြီမို့အိမ်မှာ ညီညီနဲ့မေမေသာရှိတယ်။

"သားငယ်လေးရေ မေမေ့ဆီလာဦးကွယ်"

ဟင်းချက်နေတဲ့မေမေက မီးဖိုချောင်ထဲကလှမ်းခေါ်နေတာကြောင့် ညီညီကဂိမ်းစက်ကိုပစ်ချပြီးအပြေးသွားတယ်။

"မေမေ ဘာကူပေးရမလဲ"

"ကူခိုင်းမို့မဟုတ်ပါဘူး သားရယ်။ရစ်လေးအခြေအနေရော ထူးခြားလား။မေမေစွပ်ပြုတ်လေးသွားပို့ခိုင်းတာရောသောက်ရဲ့လား"

"မသောက်ဘူးမေမေ။အိပ်လိုက် ကြောင်ပြီးထထိုင်လိုက်နဲ့ စကားလည်းတစ်ခွန်းမှမပြောဘူး။မေးမရပြုမရနဲ့ သားလည်းစိတ်ညစ်ပါတယ်။ဘာဖြစ်လာမှန်းကိုမသိသေးဘူး"

သားလေးပြောမှဘဲ သန္တာ့ရင်ထဲမကောင်းဖြစ်ရတယ်။လွန်ခဲ့တဲ့တစ်ပတ်ကပေါ့ ညကြီးမိုးချုပ်ကိုးနာရီကျော်လောက်ကြီး ရစ်လေးကတစ်ကိုယ်လုံးစိုရွှဲနေတဲ့ပုံစံနဲ့ရောက်ချလာတယ်။မျက်လုံးတွေအစ်၊နှုတ်ခမ်းတွေပြာပြီး ဖရိုဖရဲပုံစံနဲ့မို့ ဘာများဖြစ်လာသလဲလို့စိုးထိတ်သွားမိတယ်။သန္တာကမေးတဲ့အခါ "ရေသွားကူးလာတာ အန်တီသန္တာ"ဆိုတဲ့အဖြေကိုကြားရပြီးချိန်မှာဘဲ ရစ်လေးသတိလစ်သွားတယ်။ဆရာဝန်ကိုချက်ချင်းခေါ်လိုက်တော့ ဖိအားတွေတအားများပြီးအအေးပက်တာရယ်ကြောင့် သတိလစ်သွားတာလို့ပြောတယ်။ညဘက်ကြီးအဖျားတွေထတက်တော့ သန္တာနဲ့သားညီညီလည်းတစ်ညလုံးမအိပ်ရဘဲ ရစ်လေးအနားနေပေးရတယ်။မနက်မိုးလင်းတာနဲ့ ရစ်လေးအိမ်ရောက်နေကြောင်း ရစ်တို့အိမ်ကိုဖုန်းဆက်အကြောင်းကြားတော့ သားကိုဘယ်မှမသွားအောင်ခေါ်ထားပေးပါခင်ဗျာ ဆိုတဲ့မေတ္တာရပ်ခံသံကိုသာကြားခဲ့ရပါတယ်။သူများမိသားစုအတွင်းရေးမို့ ထဲထဲဝင်ဝင်ဘာမှမသိလိုတော့တဲ့ သန္တာကဘာမှဆက်မမေးတော့ဘဲဖုန်းချလိုက်တယ်။အရင်ကလည်း ရစ်လေးကသူ့အိမ်နဲ့ပြဿနာတက်တိုင်း ဒီအိမ်မှာလာအိပ်နေကြဆိုတော့ အလားတူပြဿနာလို့ဘဲ သန္တာကထင်ခဲ့ပါတယ်။

နွံ(Completed )Where stories live. Discover now