Part-22

23.8K 1.1K 127
                                    

အချိန်ယန္တရားဟာ တဖြည်းဖြည်းလည်ပတ်လာပြီး တစ်လဆိုတဲ့အချိန်ဟာကုန်စပြုလာတယ်။နက်ပြာရောင်ခြယ်မှုန်းထားတဲ့ကောင်းကင်မှာ တဖျတ်ဖျတ်လက်နေတဲ့ကြယ်ကလေးများကစုံလင်နေလေပြီ။ညဥ့်နက်နေပြီဖြစ်သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲဟာမနက်ဖြန်ဆိုတဲ့အချိန်မှာကျရောက်ပြီမို့ နေရာတိုင်းလိုလိုမှာ ကျောင်းသား၊ကျောင်းသူများရဲ့စာအန်သံများကို ကြားရတတ်တယ်။အခုလည်း ညဥ့်နက်နေသည့်တိုင်အောင် ကျူရှင်အပေါ်ထပ်မှာတော့စာသင်သံတွေကြားနေရတယ်။ညဆယ့်တစ်နာရီထိုးခါနီးပြီမို့ ကလေးတွေကိုလာကြိုသည့်ကျောင်းသားမိဘများကလည်းစုံနေပြီ။ကလေးတွေအနေနဲ့လည်း မနက်မိုးမလင်းခင်အချိန်ကတည်းကကျူရှင်သွား၊သန်းခေါင်ကျမှအိမ်ပြန်ရောက်နဲ့ နားချိန်မရှိအောင်ကိုပင်ပန်းနေကြရှာတယ်။

ရစ်လေးဆိုရင်လည်း အံ့ဘုန်းမနိုးခင်ကတည်းကကျူရှင်သွား၊ရစ်လေးပြန်လာတဲ့အချိန်ကျတော့လည်းအံ့ဘုန်းကအိပ်ရာဝင်တာနဲ့ တစ်အိမ်ထဲနေပြီးမတွေ့ရတဲ့ရက်ကလေးတွေစိပ်လာတယ်။ဒီနေ့အလုပ်ကလည်းစောစောပြန်ရောက်တာနဲ့ သားကိုအချိန်ပေးဖို့ဆုံးဖြတ်ထားလို့ အငယ်နဲ့အံ့ဘုန်းက ရစ်လေးကျူရှင်အောက်မှာလာစောင့်နေကြတယ်။ကျူရှင်ရဲ့လှေကားထိပ်မှာခပ်ရို့ရို့လေးထိုင်ရင်း သားကိုစောင့်နေတဲ့အငယ့်ပုံရိပ်လေးဟာ အံ့ဘုန်းမြင်လွှာတစ်ခုလုံးကိုလွှမ်းခြုံထားတယ်။စိုးရိမ်တကြီး မျှော်လင့်စောင့်စားနေတဲ့အငယ့်အမူအရာလေးဟာ လှေကားကနေရစ်လေးဆင်းလာမှပြုံးရိပ်သမ်းသွားတယ်။

"ဟာ ဦးငယ်။ကျွန်တော့်ကိုလာကြိုတာလား"

အငယ့်ကိုမြင်တာနဲ့ သားကပျော်သွားပြီးပြုံးတယ်။အငယ်ကသူရှိရာဘက်မေးဆတ်ပြလိုက်တဲ့အခါ သားရဲ့အပြုံးတွေကပိုပြီးတောက်ပသွားသယောင်။ပြီးနောက် ချက်ချင်းကိုရုပ်ကပြန်တည်သွားတယ်။အင်းပေါ့လေ သားနဲ့အံ့ဘုန်းရဲ့ဆက်ဆံရေးဟာနွေးထွေးတဲ့ဆက်ဆံရေးမဟုတ်တော့ သူ့အပေါ်အများကြီးနွေးထွေးပေးတဲ့အငယ့်ကိုဘဲသားကခင်တွယ်ရှာတယ်။တစ်ခုခုဆို တိုင်ပင်တတ်တယ်။ဂျီကျတတ်တယ်။အငယ်ကနေတစ်ဆင့်သူဖြစ်လိုတဲ့ဆန္ဒတွေကို အံ့ဘုန်းကိုသိစေတယ်။

နွံ(Completed )Where stories live. Discover now