Part-15

29.7K 1.3K 98
                                    

ယခုလက်ရှိကာလ;

ကျောင်းဖွင့်ရာသီရောက်ပြီမို့ ကျောင်းသားကျောင်းသူများက ပုံမှန်ထက်အလုပ်ရှုပ်နေကြတယ်။လွယ်အိတ်အသစ် ထီးအသစ်နဲ့အရာရာသစ်လွင်နေကြပြီး အပြုံးများကအစသစ်လွင်နေကြတယ်။အနွံကတော့ ထုံးစံအတိုင်းမနက်ပန်းရောင်းပြီးပြန်လာတာနဲ့ မိုင်လိုလေးကိုအစာကျွေးဖို့​တစ်ခုခုရှာရတယ်။ညကထမင်းကြမ်းခဲရှိနေသေးတာကြောင့် ငါးနဲ့သေချာနယ်ပြီးအစာခွက်ထဲထည့်ပေးလိုက်တော့ မိုင်လိုကအနွံ့နားကိုခြေတရွတ်တိုက်ဆွဲကာလာတယ်။မိုင်လိုဆိုတာက အနွံအိမ်ခေါ်လာတဲ့ခွေးပေါက်ကလေး။မျက်နှာကဒဏ်ရာတွေသက်သာလာပေမယ့် ကားကြိတ်ခံထားရတဲ့အနောက်ခြေတစ်ဖက်က မသန်ပေ။အဖြူအမည်းစပ်ကြားလေးကိုမှ အမွေးခပ်ပွပွလေးမို့ မိုင်လိုကချစ်မွေးပါတယ်။အချိန်ခဏလေးအတွင်းမှာ အနွံ့အပေါ်တအားခင်တွယ်တတ်သလို ခွေးမချစ်တတ်တဲ့အမေကတောင်မိုင်လို့ကိုချစ်တယ်။အနွံက ကချင်လွယ်အိတ်လေးကိုတိုင်မှာချိတ်လိုက်ပြီး အထဲကရာတန်များကိုတြိဂံပုံစံလေးခေါက်ကာ စုဘူးထဲထည့်တယ်။အမေ့နားပေါက်ဟောင်းလောင်းဖြစ်နေသည်ကိုမြင်ရတိုင်း အနွံဘဝင်မကျပေ။နားကပ်လေးတစ်ရန်လောက်တော့လုပ်ဖြစ်အောင်လုပ်ပေးမယ်လို့ အနွံတွေးထားတယ်။အမေက လက်မလည်အောင်စျေးရောင်းနေရသည်မို့ အနွံ့ကိုလှည့်မကြည့်အားပေ။

"အနွံ ကျောင်းမသွားခင် တစ်ခုခုစားသွားနော်။အမေဘာထည့်ထားပေးရမလဲ "

"ရ... ရတယ် အမေ။ပြီး...ပြီးမှစားမယ် "

အမေ့ဆီက ဘာအသံမှပြန်မကြားတော့ဘဲ မုန့်ဟင်းခါးဝယ်သူတွေရဲ့အသံတွေသာ ညံစီလာတယ်။အနွံကျောင်းဝတ်စုံလဲပြီးတာနဲ့ ဆံပင်ကိုအုန်းဆီနဲ့ပိပြားနေအောင်ဖြီးလိုက်တယ်။အနွံ့မှာကျောင်းဝတ်စုံဆိုလို့ နှစ်စုံသာရှိတာကြောင့် ဒီလိုမိုးရာသီအချိန်တွေမှာတော့ အလျင်မီအောင်ခြောက်ဖို့မလွယ်ပေ။

"အ...အမေ့ မိုင်...မိုင်လို့ကို ပေါင်မုန့်ကျွေးထားပေး ကျစ်"

အနွံက လွယ်အိတ်ကြိုးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလျက် သက်လွန်းမေကိုပြောတော့ သူမခေါင်းညိတ်လိုက်တယ်။အနွံ့ရဲ့စက်ဘီးထောက်ကိုဖြုတ်သံကြားတော့ သက်လွန်းမေရဲ့အသံကဗျစ်တောက်ဗျစ်တောက်ထွက်လာတယ်။ဒါပေမယ့် အနွံကတော့ မကြားတော့ပေ။စက်ဘီးကို အသော့နှင်ကာထွက်သွားလေပြီ။

နွံ(Completed )Where stories live. Discover now