အခန်း(၅၇)

104 2 0
                                    

"ကျူးကဲလျန့်"(Zhuge Liang) က ချိုင်စန်း တွင် ငိုကြွေးပြခြင်း၊

"ဖန်ထုံ"(Pang Tong) က လေရန် တွင် ကြားဝင်ခြင်း။

ရှေ့အခန်းတွင် "ကျိုးယွီ"(Zhou Yu) မှာ ဒေါသထောင်းခနဲထွက်ကာ မြေပေါ်လဲကျသွားသည်ကို ဖော်ပြပြီးဖြစ်သည်။ ၎င်းကို လှေဖြင့်ပြန်လည်သယ်ဆောင်သွားကြသည်။ "လျူဘေ့"(Liu Bei) နှင့် "ကျူးကဲလျန့်"(Zhuge Liang) တို့ တောင်ကုန်းတစ်ခုထက်တွင် အေးအေးလူလူ သီချင်းနားထောင်ရင်း သေရည်သုံးဆောင်နေကြသည် ဟူသော သတင်းက "ကျိုးယွီ"(Zhou Yu) ကို ပိုမိုဒေါသထွက်စေသည်။ အံကိုကြိတ်ကာ "သူတို့က ယီကျိုးကို ငါ ဘယ်တော့မှ ပြန်မရဘူး လို့ပြောတယ်၊ ငါရအောင်ကိုပြန်ယူမယ်၊ ငါကျိန်ဆိုတယ်။" ဟု ကြုံးဝါးလေသည်။

မကြာမီ "စွန်းချွမ်"(Sun Quan) ၏ညီ "စွန်းဟူ"(Sun Hu) ရောက်လာသော် "ကျိုးယွီ"(Zhou Yu) က အကြောင်းစုံကို ပြောပြသည်။

"စွန်းဟူ"(Sun Hu): "မင်းကို ကူညီဖို့ အစ်ကိုကြီးကလွှတ်လိုက်တာ။"

"စွန်းဟဲ"(Sun He)ကို ယီကျိုးတွင် ဖိတိုက်ထားရန် အမိန့်ပေးပြီး ၎င်းက ပါးချို ကိုသွားသည်။ ထိုတွင် "လျူဘေ့"(Liu Bei) ၏စစ်သူကြီးများဖြစ်သော "လျူဖုန်း"(Liu Feng)နှင့် "ကွမ်းဖင်"(Guan Ping)တို့က ရန်စီမြစ် ၌ ရေလမ်းကိုဖြတ်တားထားလေသည်။ စစ်သေနာပတိချုပ်မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်လေသည်။

ထိုစဉ် "ကျူးကဲလျန့်"(Zhuge Liang) ထံမှ စာတစောင်ရောက်လာလေသည်။

"ငါတို့ ချိုင်စန်း မှာ ခွဲခွာကြပြီးကတည်းက မင်းအကြောင်း မကြာခဏတွေးမိပါတယ်။ မင်းက အနောက်ပိုင်း ကို သိမ်းချင်တယ်လို့ ကြားတယ်။ မဖြစ်နိုင်ဘူးလို့ ပြောပါရစေ၊ နိုင်ငံက မြေပြင်မှာတည်ထားပြီး ခံစစ်အနေအထားကောင်းမွန်တယ်။ စစ်သည်အင်အား တောင့်တင်းတယ်။ နယ်စား လျူကျန်း(Liu Zhang) က အားနည်းတယ်ထင်ရပေမဲ့ သူ့ကိုယ်သူ ကောင်းကောင်းကာကွယ်နိုင်တယ်။ ဟုတ်ပြီ၊ စစ်သူကြီးက သွားရောက်သိမ်းပိုက်ပြီး အကျိုးထူးဆောင်နိုင်တယ်ပဲဆိုပါစို့၊ နောက်ဆုံးရလဒ်က ဘာဖြစ်မယ်ဆိုတာ မင်းသိသလား။ မသိဘူး၊ ကြီးမြတ်လှတဲ့ စစ်သူကြီး ဝူချိ(Wu Qi) လည်း အတိအကျမပြောနိုင်သလို ကျော်ကြားတဲ့ ဗျူဟာမှူး စွန်းကျီ(ဆွန်ဇု - Sun Zi) လည်း မသိနိုင်ဘူး။ "ချောင်ချောင်း"(Cao Cao) က ကျောက်ကမ်းပါးနီတိုက်ပွဲမှာ အထိနာထားတာ သူလက်တုံ့မပြန်ဘူးလို့ ထင်သလား။ မင်းသာ ခရီးရှည် စစ်ချီရင် သူက အဲ့အခွင့်အရေးကိုယူပြီး တောင်ပိုင်းနယ်ကို အမှုန့်ခြေပစ်လိမ့်မယ်။ ဒီလိုဖြစ်မှာကို ငါလည်း လက်မခံနိုင်ဘူး။ ဒီကိစ္စကို အလေးထားအောင် မင်းကိုသတိပေးရတာပဲ။" ဟုပါရှိလေသည်။

သုံးနိုင်ငံခေတ်Where stories live. Discover now