ဒဏ္ဍာရီ အခန်း(၁၉)
အနည်းငယ်ယောင်နေသော မေးရိုးကို ပွတ်လိုက်ရင်း Jun သက်ပြင်းတစ်ခု ချလိုက်သည်။ မူးမူးနှင့် လုပ်လိုက်မိသော ပြဿနာက တော်တော်ကြီးသွားသည်။ ဂျောင်မင်းကလည်း သူ့ကိုစကားမပြောတော့။ Kyu ကိုကြည့်ရသည်မှာလည်း ငူတူတူ ငိုင်တိုင်တိုင်။ အဆိုးထဲက အကောင်းတစ်ခုတော့ ထွက်ပါသည်။ သူ့ပြဿနာကြောင့် လီဒါနှစ်ယောက် အရင်လိုပဲ ပြောပြောဆိုဆိုပြန်ဖြစ်သွားသည်။
Kyu က ဂျန်းမီကို စိတ်ဝင်စားနေလိမ့်မည်ဟု သူထင်ကို မထင်ခဲ့တာပါ။ သူ့စိတ်ထဲမှာ ဂျောင်မင်း နှင့် ဂျန်းမီ နာမည် ဆင်တူရိုးမှားဖြစ်နေတာကို စချင်နေတာပဲရှိသည်။ နောက်တစ်ခုကတော့ ဂျောင်မင်းကို ရည်းစား ရစေချင်နေတာဖြစ်သည်။ သူတို့အဖွဲ့ Debut လုပ်ခဲ့ချိန်မှစ၍ အခုလို ဆိုလို ဘ၀တွေ လျှောက်လှမ်းနေချိန်ထိ သူတို့လေးယောက်ကသာ ရည်းစားတွေ ရှိလိုက် ပြတ်လိုက်၊ သတင်းထွက်သည်လည်းရှိ မထွက်သည်လည်းရှိ၊ ဟိုလိုလို ဒီလိုလို တွေလည်း ရှိခဲ့သော်လည်း ဂျောင်မင်းက ရည်းစားမရှိခဲ့။ သည့်အတွက် အဆင်ပြေမည့် မိန်းကလေး တစ်ယောက်နှင့်တော့ ဂျောင်မင်းကို တွဲစေချင်နေတာလည်း ပါသည်။ သို့သော်လည်း အခုလို ပုံစံမျိုး သူလုပ်မိလိမ့်မည်ဟုတော့ စိတ်ပင်မကူးခဲ့။
" ဒုက္ခပါပဲ..ငါဘာသွားပြောမိပါလိမ့် "
သူဝင်ဖြေရှင်းပေးဖို့တော့ လိုနေသည်. သို့သော် ဘယ်ကစရမည်မှန်းမသိ။ မရဲတရဲနှင့် ဂျီဟို့ အကောင့်ထဲ သူဝင်ကြည့်လိုက်သည်။ ဂျန်းမီ အကောင့်လေး မီးလင်းနေသည်။ အလန့်တကြား sign out ပြန်လုပ်လိုက်သည်။
" အဲဒါ ဂျောင်မင်းပြောတာမဟုတ်ပါဘူး ။ ကျွန်တော် ပြောတာပါ "
ထိုသို့သွားပြောလျှင်လည်း တလွဲတွေဖြစ်ကုန်ဦးမည်။ဒါဆို-
" ကျွန်တော် နောက်တာပါ "
အနားမှာသာရှိရင်တော့ ပါးရိုက်ခံရမည်မှာ သေချာသည်။ အဲဒီတော့မှ သူတွဲစေချင်သော ဂျောင်မင်းကြောင့် ယောင်သွားသော မေးရိုးရယ် ဂျန်းမီကြောင့် ယောင်သွားသော ပါး ရယ်... ဖျက်ပစ်လိုက်ရသော concert ရယ်...ဟူ၍ ဖြစ်ကုန်ဦးမည်။
" အဲဒီနေ့က ဖြစ်လိုက်တာ တွေ မေ့ပစ်လိုက်ပါ။ ဘာမှ မဟုတ်ပါဘူး။ "
ဒီလိုလည်းမဖြစ်သေး။ တော်တော်လေး စော်ကားရာကျနေပြီ။
" တကယ်က ဂျောင်မင်းက ချစ်တာမဟုတ်ဘူး။ Kyu က ချစ်တာပါ "
Jun ခေါင်းတွေတဗျင်းဗျင်းကုတ်ပစ်လိုက်သည်။
" သေချင်တာပါပဲ "
" သေလေ..အဲဒီမှာ "
" အား- ဘာလဲ။ နာလိုက်တာ "
Jun သည် ဘယ်အချိန်မှာ အနားရောက်နေမှန်းမသိသော ယောင်ဆန်းက နောက်စေ့ကို ကိုင်လာသော စာအုပ်နှင့် ဘုန်းကနဲရိုက်လိုက်သဖြင့် ရှေ့ကိုပင် ငိုက်ကျသွားသည်။ ပူသွားသော နောက်စေ့လေးကို အသာပွတ်ရင် ရှုံ့မဲ့မဲ့ လှမ်းကြည့်တော့ ယောင်ဆန်းနှင့်အတူ လီဒါပါ ပါလာတာ တွေ့ရသည်။
" ဘာလဲ။ တည့်သွားကြပြန်ပြီလား "
" ငါတို့က ဘာဖြစ်နေလို့လဲ "
လီဒါက ထုံးစံအတိုင်း မရယ်မပြုံး မျက်နှာနှင့် နှုတ်ခမ်းတချွန်ချွန်ပြောရင်း ဆိုဖာတွင် ၀င်ထိုင်သည်။
" နည်းနည်းပါးပါး ၀ိုင်းပြီး ဖြေရှင်းပေးကြမယ်မရှိဘူး။ လူကို ရိုက်ဖို့ပဲ စဉ်းစားနေကြတယ်"
" မင်းက ရိုက်ချင်စရာ တွေချည်း လုပ်ထားပြီးတော့။ ကဲအခု ဘယ်လို ဆက်လုပ်ကြမတုန်း"
" အဲဒါကို မေးချင်နေတာလေ။ ဘယ်လိုဆက်လုပ်မလဲလို့ "
" အငယ်ကောင်ရဲ့...ငါတို့လည်း စဉ်းစားပြီးပြီ။ ဟိုလိုပြောလည်းမဖြစ် ဒီလိုပြောလည်းမဖြစ်
ငါတိုဒီလိုပဲ မသိချင်ယောင်ဆောင်နေလိုက်ကြမလား "
" ကောင်းပါ့မလား အဲဒီလိုလုပ်လို့ "
လီဒါက စိုးရိမ်သည့်မျက်နှာနှင့် ၀င်ပြောသည်။
" အဲဒါကမှ နည်းနည်းတော်သေးတယ်လေ။ မဟုတ်ရင် ဘယ်လိုပြောမလဲ "
" ဂျောင်မင်းကရော..."
" သူလည်း ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး။ ဒီတော့ ဂျောင်မင်းက ပြောထားပြီး
ဂျန်းမီက အဖြေမပေးတဲ့ပုံစံနဲ့ပဲ ထားလိုက်ပေါ့။ ဂျောင်မင်းကို ဖေ့စ်ဘွတ် မသုံးခိုင်းနဲ့။"
" ဂျန်းမီကို အားနာစရာကြီး"
Jun စကားကြောင့် ယောင်ဆန်းက ထကန်တော့မလိုလုပ်လိုက်ပြီး..
" အားနာရင် ဘာလို့သွားပြောနေလဲ။ ငါလုပ်လိုက်ရ"
" အာ- တော်ပါတော့။ ဒီမှာ အထိုးခံရ၊ အရိုက်ခံရ၊ အကန်ခံရနဲ့။ အကြီးတွေဖြစ်ပြီး.."
" မင်း ရှာတဲ့ပြဿနာကိုလည်း ကြည့်ဦးလေ "
"သူတို့ ၂ ယောက်ကျတော့...ဟင်း.."
" လာပြန်ပြီ ငါတို့ ၂ ယောက်ကိစ္စ။ ဘာဖြစ်နေလို့လဲ ငါတို့က "
" ဒါကတော့ ကိုယ့်ဘာသာ သိကြမှာပေါ့။ အခု ကျွန်တော့်ကြောင့်သာ ပြေလည်သွားတာ မဟုတ်လား။
ကျွန်တော့ ပြဿနာသာမဖြစ်ရင် အစ်ကိုတို့ ဂျီဟိုကိုမထိနဲ့၊ ဂျီဟိုနားမကပ်နဲ့ ဆိုတဲ့ ပြဿနာက
ဘယ်လောက် ရှည်ထွက်နေဦးမယ် မသိဘူး။ အစ်ကိုတို့ တစ်ယောက်မှ ဂျီဟိုနားမကပ်ကြနဲ့။
ကျွန်တော်ပဲ သွားကပ်မယ် ဟုတ်ပြီလား..။ ဂျန်းမီကိုလည်း ကျွန်တော်ပဲချစ်တာ။
Kyu လည်းမဟုတ်၊ ဂျောင်မင်းလည်းမဟုတ်ဘူး။ ကျေနပ်ပလား။
သိပ်မပြောချင်ဘူး..အကြီးတွေမို့ ကြည့်နေတာ..."
ဟွန်ဂျွန်းနှင့် ယောင်ဆန်းတို့ အကြည့်ကို အဝေးသို့လွှဲကာ ငြိမ်သွားကြသည်။ Jun က စူပွ စူပွ ပြောကာ အနားတွင်ရှိသော ပိုက်ဆံအိတ်ကို ကျောပိုးအိတ်ထဲ ကောက်ထည့်သည်။ နေကာမျက်မှန်ကို တပ်ကာ အပြင်ထွက်ဟန်ပြင်တော့ ယောင်ဆန်းက-
" ဟ- ငါတို့က မင်းအိမ်လာပါတယ်ဆို မင်းက ဘယ်တုန်း "
" ဂျီဟို ဆီ သွားမလို့... "
ဒိုင်းကနဲရောက်လာသော Jun မျက်စောင်းနှင့် ဂျိမ်းကနဲ ဆောင့်ပိတ်သွားသော တံခါးတို့သည် တစ်ချိန်တည်း။ ဟွန်ဂျွန်း သည် မလုံမလဲနှင့် ယောင်ဆန်းကို လှမ်းကြည့်လိုက်ရာ၊ ရှက်ကိုးရှက်ကန်း ပြုံးယောင်ယောင်ဖြစ်နေသော ယောင်ဆန်းလှမ်းကြည့်သည်နှင့် ဆုံလေသည်။ နောက်တော့လည်း သူတို့ ပြိုင်တူ ရယ်ဖြစ်သွားကြသည်။
![](https://img.wattpad.com/cover/188054820-288-k173438.jpg)
YOU ARE READING
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction