အပိုင်း ၄၅

19 3 0
                                    

ဒဏ္ဍာရီ အခန်း (၄၅)

   နားအေးပါးအေးရှိသော ကော်ဖီဆိုင်လေးတစ်ခုတွင်  အေးအေးဆေးဆေး စကားပြောဖို့ ခေါ်သော မီဆိုကို Kyu အံ့သြနေမိခဲ့သေးတာ။ တိုက်တိုက်ဆိုင်ဆိုင် သည်နေ့ကတော့ဖြင့် Kyu သည်​လည်း အားနေခဲ့သည်မို့ မီဆို ချိန်းသော ကော်ဖီဆိုင်လေးကို ထုံးစံအတိုင်း မျက်လုံးနှစ်လုံးသာ ဖော်ထားသော စတိုင်ဖြင့် ရောက်လာခဲ့တော့ မီဆိုက ရယ်သည်။ 

“ နင်တို့ဘ၀လည်း တကယ် အသက်ရှူကြပ်ပါတယ်ဟယ် ”

ဟု သူမက ပြောရင်း ရယ်နေပြန်သည်။

“ ငါ့ကို မုန့်ဝယ်ကျွေးပါ Kyu ”

“ အေးပါ အေးပါ။ ကျွေးပါတယ်။ကြိုက်တာမှာပါ”

မီဆို တကယ်တမ်းတော့ ကော်ဖီ အရမ်းသောက်ချင်နေမိသည်။ သို့သော်လည်း ခုချိန်ကစပြီး ပိုဂရုစိုက်မှ ဖြစ်မှာမို့ ကော်ဖီကို ရှောင်ပြီး ဖျော်ရည်တစ်ခုသာ သူမ မှာသောက်လိုက်သည်။ Kyu ကတော့ အသံသွင်းစရာရှိသဖြင့် လီမွန်ကိုသာ မှာသောက်သည်။

“ ကဲ- ဘာပြောမလို့လဲ။ ပြော။။”

မီဆိုက Kyu ကို သူမအစီအစဉ်တွေကို အစအဆုံး ပြောပြလိုက်တော့ Kyu အလွန်အမင်း အံ့သြသွားသည်။

  ပထမ ကိုယ့်နားပင် ကိုယ်မယုံချင်။

“ နင်တကယ် ပြောနေတာလား မီဆို ”

“ တကယ်ပါဟ ”

Kyu ၏ အံ့သြသော မျက်နှာသည် တမဟုတ်ချင်း အလွန်အမင်းဝမ်းသာပျော်ရွှင်သည့်အသွင်ပြောင်းသွားကာ ရုတ်တရက် မီဆိုကို ထဖက်သဖြင့် မီဆို လန့်ပြီး လွှတ်ကနဲ အား ကနဲ အသံထွက်သွားမိလေသည်။ ပြီးမှ ကိုယ့်ပါးစပ်ကိုယ်ပိတ်ကာ Kyu ကို ခပ်တိုးတိုး ကြိတ်အော်ရသည်။

“ ဟဲ့- ဘာဖြစ်တာတုန်း။ နင့်ပရိတ်သတ်တွေမြင်လို့ ငါ ကြက်ဥနဲ့ အပေါက်ခံနေရဦးမယ် ”

Kyu က ရယ်ပြီး မီဆိုကို လွှတ်ပေးလိုက်ကာ -

“ ဆောရီးပါဟာ။ ငါအရမ်းပျော်သွားလို့..။ ငါ…..ငါ….. ဘယ်လိုပြောရမှန်းတောင် မသိဘူး။  အရမ်းကျေးဇူးတင်တာပဲ မီဆိုရယ်..တကယ်ပါ…”

ဒဏ္ဍာရီOnde histórias criam vida. Descubra agora