အပိုင်း ၃၂

32 6 0
                                    

ဒဏ္ဍာရီ အခန်း (၃၂)

“ ဟဲ့-မီ။ နင် သိပြီးပြီလား။ ယောင်ဆန်း အိမ်ကို မိန်းကလေးတစ်ယောက် ရောက်နေတယ်တဲ့”

ယုက ထမင်းစားရန် ပန်းကန်တွေ ပြင်နေရင်း ပြောသည်။ မီက တအံ့တသြနှင့်

“ ဟင်- ဘယ်က ရောက်နေတာလဲ ”

“  သူ့အခန်းရှေ့ လဲနေတာတွေ့လို့ အိမ်ထဲခေါ်ထားရင်း သောင်တင်နေတာတဲ့ ”

ယုသည် ပြောလည်းပြော ထမင်းတစ်လုပ် ပါးစပ်ထဲ ထည့်လိုက်သည်။

“ ပြီးတော့ သူက စကားလည်း မပြောတတ်ဘူးတဲ့နော် ”

“ ဟယ်- အဲဒီတော့ မေးမရ ပြုမရနဲ့ဘယ်လို လုပ်ကြမလဲ”

“ မသိပါဘူး။ ပြီးတော့ ကိုရီးယားလည်း မဟုတ်ဘူး ထင်တယ်တဲ့ ”

“ ပိုဆိုးကုန်ပြီ..”

“ အေး- ဘယ်လို လုပ်ကြဦးမလဲ မသိဘူး။ နောက်တစ်ခါ ဓာတ်ပုံပို့ခိုင်းဦးမှပဲ။
  ဒါနဲ့- Kyu ဘယ်တော့ ကိုရီးယား ပြန်ရောက်မှာလဲ  ”

“ ဒီနေ့ ည ”

“ အခြေအနေကောင်းတယ် မဟုတ်လား နင်တို့ ၂ ယောက် ”

“ အေးဟာ- ဒီလိုပါပဲ။ ငါက တစ်ပတ်လောက်ပဲ ခံမယ်ထင်တာ။ ဘာလိုလိုနဲ့ ၂ လတောင်  ပြည့်တော့မယ် ”

“ တူတူပဲ။ ငါလည်း ဘယ်နေ့ အိုဗာဆီးကောလ်တွေဝင်ပြီး  အိုဗာဆီးက အကောခံရမလဲ
တွေးပူနေရတာ ။ ခုထိ ဘာမှ မဖြစ်သေးဘူး ”

“ ပြောမယ့်သာ ပြောရတာ။ ငါတို့လူတွေ အင်မတန် ဟန်ဆောင်ကောင်းပုံရတယ် ”

“ ဘာလို့? ”

“ သူတို့ မှင်သေသေနေလို့သာ ဘယ်သူမှ မရိပ်မိတာပေါ့ဟ ”

သူတို့နှစ်ယောက် ရယ်လိုက်ကြသည်။ သူတို့အတွက် ချစ်သူဘ၀ဆိုတာ အမြဲ စားသတိ၊ သွားသတိ နှင့် နေရသည့်ဘ၀ပါပဲ။

“ စကားမစပ်- ငါ ခုနက ကောင်မလေးကို အတော် မြင်ဖူးချင်နေတယ် ”

“ နင့်ကြောင့် အသည်းကွဲနေတဲ့ ငါ့အချစ်ဟောင်းကြီး သာယာစိုပြေဖြစ်နေတော့မှာပေါ့ ”

၀ါးကနဲ ရယ်လိုက်ကြပြန်သည်။
သာယာသလား စိုပြေသလားတော့မသိ။ ယောင်ဆန်းကတော့ သူ့ကိုယ်သူ ခုတစ်လော စိုးရိမ်စိတ်နှင့် အိုစာလာသလိုပင် ခံစားနေရသည်။ အပြင်သွားလည်း မဖြောင့်၊ အိမ်မှာနေလည်း မဖြောင့်။ အပြင်သွားတော့လည်း အိမ်မှာ ကျန်ခဲ့သော မရွှေချော အပြင်ထွက်သွားမှာ ပူရသည်၊ အိမ်မှာနေတော့လည်း အဖေ နှင့်အမေ အိမ်လာမှာ ပူရသည်။ အပြင်က  သူငယ်ချင်းတွေ လာမှာပူရသည်။
တော်သေးသည်။ သူမက စကားသာ မပြောတတ်တာ၊ အိမ်မှာ နေထိုင်စားသောက်ပုံက ဘာမှ ပြဿနာမရှိ။ အ၀တ်လျှော်စက် သုံးတာ၊ ဖုန်စုပ်စက် သုံးတာ၊ စားပြီးသား ပန်းကန်တွေ ပြန်ဆေးတာ၊ အ၀တ်တွေ လှမ်းထားတာ..။ မိကောင်းဖခင် သားသမီးဟုတော့ သူထင်ပါသည်။ သည်ကြားထဲ အမှုအခင်းတွေ၊ လူပျောက်သတင်းတွေ စတာတွေလည်း နားစွင့်နေရသေးသည်။ သတင်းအစအန ရလိုရငြား..။
ခက်တာက သူ့အိမ်တွင် ဂျောင်မင်းရောက်နေသလိုဖြစ်နေသည်။ မုန်လာဥနီ တော်တော်ကြိုက်သည်၊ နေထိုင် စားသောက်ပုံတွေကလည်း ဂျောင်မင်း နှင့် ဆင်တူသည်၊  ဂျောင်မင်း ကြိုက်တာတွေတော်တော်များများ သူမ ကြိုက်သည်ကို တွေ့ရသည်။ တစ်ရက်ကလည်း ဂျောင်မင်းက သူ့ခွေးကို ခေါ်လာသည်။ သူကတော့ နည်းနည်းမှ ခွေးမချစ်တတ်သူမို့ စိတ်ညစ်ညူးသွားစဉ်မှာပဲ မရွှေချောက ဂျောင်မင်းခွေးကိုလည်း မြင်ရော ပျော်လိုက်သည်မှာ မပြောနှင့်တော့။ သူမ အာရုံက ခွေးဆီမှာပဲ ရှိနေသည်။ အံ့သြစရာ ခွေးကလည်း သူမ ကို နမ်းကြည့် ပြီးသည်နှင့် ထို နှစ်ယောက်..အဲ… တစ်ယောက်နှင့် တစ်ကောင်က လုံးထွေးသွားတော့သည်။

ဒဏ္ဍာရီTahanan ng mga kuwento. Tumuklas ngayon