အပိုင်း ၅၂

17 2 0
                                    

ဒဏ္ဍာရီ အခန်း (၅၂)

   နမ့်စန် တာဝါ….။

    သည်တစ်ခါတော့ ယုတို့ ၃ ယောက်ပဲလာဖြစ်ကြသည်။ သည်လိုနေရာမျိုးကိုတော့ သူတို့ လိုက်လာ၍မဖြစ်သဖြင့် တစ်ယောက်မှ ပါမလာကြ။

ယု နှင့် မီကလည်း မနက်ဖြန် ပြန်တော့မည်ဖြစ်သဖြင့် မီဆိုကပဲ လိုက်ပို့ပေးသည်။ အပြန်ကျမှပဲ ယောင်ဆန်း တိုက်ခန်းကို ၀င်မည်။ သည်ညတော့ ဒီမှာပဲ အကုန်စုအိပ်ကြဖို့ စိတ်ကူးသည်။ ဒါမှလည်း သူတို့တွေ ညလုံးပေါက် စကားပြောနိုင်မည်ထင်သည်။

“ ဘယ်လို ”

ယုသည် ကြားလိုက်ရသောစကားကို နားမလည်သလို ပြန်မေးသည်။ မီဆိုသည် ခပ်ဝေးဝေးသို့ငေးနေသည်။ ဆိုးလ်မြို့၏ ညရှုခင်းသည် မီးရောင်များအောက်တွင် အသွင်ဆန်းကာ လှပနေသည်။ သို့သော် မီဆို၏ မျက်ဝန်းတွေက တော့ တောက်ပမှု ကင်းမဲ့နေလေသည်။

“ အစ်မ မနောက်ပါနဲ့ ”

မီ၏ အသံသည် မသိမသာ တုန်ခါလာသည်။

“ တကယ်ပြောတာပါ။ အစ်မ အဲဒီအကြောင်းတွေကို ဟိုနေ့က ဂျောင်မင်းကို ပြောလိုက်တယ်”

“ အစ်ကို ဘာပြောလဲ အစ်မ…”

  မီဆိုသည် ဂျောင်မင်းဘာပြောခဲ့ပါလိမ့်ဟု ပြန်စဉ်းစားလိုက်သည်။ သူမတို့ နှစ်ယောက် ခုထိလည်း ဘာမှ ထွေထွေထူးထူးမပြောဖြစ်ကြဘူး ထင်သည်။  သူမ ခစ်ကနဲ တစ်ချက်ရယ်တော့ ယုက အထူးတဆန်းလို ကြည့်သည်။

“ ဟုတ်ပါ့နော်…။ ဘာပြောပါလိမ့် ”

  ခုထိလည်း ဂျောင်မင်းက သူ့ကို ဘာမှမပြောသလို၊ သူကလည်း ဂျောင်မင်းကို ဘာအဖြေမှ ရေရေရာရာပေးခဲ့တာမျိုးမရှိ။ သူမကို ဂျူးလိယက်ဟု ခေါ်တာက ဂျောင်မင်း၏ ဖွင့်ပြောနည်းတစ်ခုဖြစ်သလို မီဆို၏ ရိုမီယို ဟု တုံ့ပြန်ခြင်းကလည်း အဖြေပေးနည်းတစ်မျိုးပဲ ဖြစ်မည်ထင်သည်။ Kyu လို ရိုမန်တစ် ဆန်ဆန် တစ်ရက်ရရ ၊ တစ်နာရီရရ ချစ်တဲ့သူနဲ့ အတူကုန်ဆုံးချင်ပါတယ် လို့ ဂျောင်မင်းမပြောခဲ့သလို၊ ဟွန်ဂျွန်းလို ဟာနူးလ်ပန်းခြံထဲမှာ ဟန်နီ နဲ့ လက်တွဲလမ်းလျှောက်ချင်ပါတယ် ဟူသော ဆန္ဒမျိုးလည်း သူ့ထံတွင် မရှိခဲ့။ နောက်ဆုံး ယောင်ဆန်းက ယုကို ပြောခဲ့သလို ဖြစ်သမျှ ရင်ဆိုင်ပါမည်ဟူသော စကားမျိုးတောင် ဂျောင်မင်းဆီက မီဆို မကြားခဲ့ရ။ သူမဘ၀၏ နောက်ဆုံးချိန်တွေကို ဘယ်လို အတူတူဖြတ်သန်းဖို့ သူကလည်းမပြော၊ မီဆိုကလည်း မမေး…။ သို့သော် ဂျောင်မင်းကို သူမ နားလည်ပါသည်။ သူဖြစ်သမျှ၊ ခံစားရသမျှ ရင်ထဲတွင် အပြီးအပိုင် မြုတ်နှံလိုက်ပြီးဖြစ်သည်ကို မီဆို ခံစားတတ်သည်။ သူမအနားတွင် ပြုံးနေသော မျက်နှာနှင့်သာ နေမည်ဖြစ်ကြောင်းလည်း မီဆိုသိပါသည်။ ထို့ကြောင့် မီဆိုကလည်း အပြုံးတစ်ခုသာ ပြန်ပေးဖို့ကြိုးစားဖြစ်သည်။ ချစ်တယ် ဟုဖွင့်မပြောသည့်တိုင် ဂျူးလိယက်ဟု ခေါ်လိုက်သည့်အသံတစ်ခုကပဲ မီဆိုကို အသက်ရှင်ဖို့ အားအင်တစ်ခုဖြစ်စေသည်။

ဒဏ္ဍာရီNơi câu chuyện tồn tại. Hãy khám phá bây giờ