ဒဏ္ဍာရီ အခန်း (၆၂)
အင်စတာဂရမ်တွင် ဓာတ်ပုံလေး တစ်ပုံကို တင်လိုက်ပြီး ချက်ချင်း ပြန်ထွက်လိုက်သော ဟိုယောင်ဆန်းတစ်ယောက် ရင်ထဲတွင် လေးလံ၍နေသည်။ တစ်ရက်ကလေးမှ မမေ့ခဲ့သော်လည်း သည်နေ့ ထူးထူးခြားခြား သတိရစိတ်ဖြစ်နေမိသည်တော့ အမှန်။ ဆိုရှယ် မီဒီယာတို့နှင့် ဝေး၍မဖြစ်သော သူတို့အတွက်တော့ သည် ၂ နှစ်တာကာလကို တော်တော်လေး ခဲခဲယဉ်းယဉ်းဖြတ်သန်းခဲ့ရသည်။ ဖြစ်နိုင်လျှင် ဘာဆိုရှယ်မီဒီယာမှ မသုံးချင်တော့။ အထူးသဖြင့်တော့ Facebook။
ဟွန်ဂျွန်း၏ ဒိုင်ယာရီကို ကုမ္ပဏီမှ တွေ့သွားရာက စပြီး ဖြစ်ခဲ့သော မီးခိုးကြွက်လျှောက် ပြဿနာများကို သူပြန်၍လည်း မတွေးချင်တော့ပါ။ ထိုအချိန်က သူတို့မှ ဒီလိုမလုပ်လျှင် ထိုကလေးမ နှစ်ယောက်အတွက် အခြေအနေမကောင်းတာတွေပဲ ဆက်တိုက်ဖြစ်လာမည့်အတွက် အားလုံး အသည်းကွဲခံလိုက်ခြင်းပင်။
Kyu ကတော့ ထိုအချိန်က သက်သာရာ အရဆုံးအချိန်ပဲဖြစ်သည်။ သူ့မှတ်ဥာဏ်တွေ ပျောက်သွားချိန်မို့ ခွဲခွာခြင်းအတွက် သူမခံစားခဲ့ရသည်ကိုတော့ ယောင်ဆန်းသိသည်။ စိတ်နုသူပီပီ သူ့ဘေးက ၄ ယောက် အလဲလဲ အပြိုပြိုဖြစ်နေသဖြင့် စိတ်မကောင်းဖြစ်ရုံလောက်သာ ရှိသည်။
သူ့မှာ ချစ်သူကို နောက်ဆုံးပင် သွားမတွေ့နိုင်သော ဟွန်ဂျွန်းကိုလည်း ဖေးမ ရ၊ ညည ငိုနေတတ်သော အငယ်ကိုလည်း ချော့မော့ရ..။ သူကိုယ်တိုင် လဲပြိုနေပါလျက် ဘေးက ၂ ယောက်ကို လဲမကျအောင် တွဲထားခဲ့ရသည့်အခြေအနေ။
ဂျောင်မင်းကတော့ အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပြီမို့ တည်တည်ငြိမ်ငြိမ်ရှိသယောင် ရှိသည်။ သို့သော်လည်း အပြုံးမျက်နှာနောက်က ကြေကွဲမှုကိုတော့ ယောင်ဆန်းမှန်းဆနိုင်ပါသည်။
အဆိုးထဲက အကောင်းဟုပဲ ဆိုရမလား။ ကုမ္ပဏီတွေကို အတိုက်အခံလုပ်ပြီး သူတို့ ၅ ယောက် စုနေခွင့်ရသွားသည်။ အတူတူနေသည်ဆိုတာကို ဆိုရှယ်မီဒီယာတွေကို မရိပ်မိစေရဟူသော ခံဝန်ကတိနှင့် ၅ ယောက် အိမ်ကြီးတစ်အိမ်မှာ စုနေဖြစ်သွားသည်။အဆိုးဝါဆုံးအချိန်တွေတွင် အတူတူရှိနေကြသဖြင့် အချင်းချင်းဖေးမပြီး ကျော်ဖြတ်နိုင်သွားသည်။ ကြေကွဲနေသော မျက်နှာကို မိတ်ကပ်တွေ လိမ်းကြ၊ ကင်မရာရှေ့တွင် ရယ်ကြပြုံးကြနှင့် သည်ဘ၀ကို ယောင်ဆန်း အော်ဂလီဆန်လာသည်။
သည်လိုနှင့် အချိန်တစ်ချို့ ဖြတ်သန်းပြီး အားလုံး အသားကျသယောင်ဖြစ်လာမှ Kyu က ထဖောက်ပြန်သည်။ ဂျီဟိုတို့နှင့် ဝေးပြီး ၁ နှစ်ကျော်ကြာမှ Kyu ၏ မှတ်ဥာဏ်တွေ ပြန်ရလာသည်။
ငိုရင်း အသက်ပါသွားမလားပင် ထင်ရလောက်အောင် ကြူကြူပါအောင် ငိုသော Kyu ကို သူတို့ ၀ိုင်းဝန်း နှစ်သိမ့်ရပြန်သည်။အဆိုတော်ဘ၀ကို စွန့်လွှတ်မယ် ၊ မြန်မာနိုင်ငံသွားမယ် ဟု ကမူးရှူးထိုးတွေပင် လုပ်ကုန်သဖြင့် ထိုးဟယ်ကြိတ်ဟယ်တွေ ဖြစ်ကုန်သေးသည်။ ရယ်တော့လည်း ရယ်ရသည်။ ကျန် ၄ ယောက် တည်ငြိမ်သွားကာမှ သူက တစ်စခန်းထလာသဖြင့် ဘာပြဿနာမှ မရှိပါဘဲ အရှင်းကြီး ထဖောက်နေသလိုဖြစ်နေသည် မဟုတ်ပါလား။
အခုတော့လည်း သူတို့အားလုံး အနည်ထိုင်သွားပြီ။ ဂျီဟို နှင့် ဂျန်းမီကို တစ်ရက်လေးမှ သူတို့မမေ့ခဲ့ကြသလို၊ မီဆိုလဲလျောင်းရာနေရာကိုလည်း တစ်နှစ် ၂ ကြိမ်လောက်တော့ ရောက်သည်ပင်။ နှစ်ပတ်လည်နေ့တိုင်း ဂျောင်မင်းနှင့်အတူ သူတို့ လိုက်ခဲ့ကြသလို၊ ကြားထဲမှာ ပြင်းပြင်းပြပြ သတိရသည့်အခါတော့ လာဖြစ်သည်။ အင်စတာဂရမ်တွင် ပုံတစ်ပုံတင်ပြီးတိုင်း သူငယ်ချင်းမလေး ဂျီဟိုကို သူသတိရသည်။ သူမ အကောင့်ထဲကို ၀င်မွှေခဲ့သော အချိန်တွေကို ပြန်တွေးရင်း မျက်ရည်လည်တဲ့အခါလည်၊ ပြုံးမိသည့်အခါ ပြုံးမိ။ သူ ဂျီဟို့အပြင် ဘယ်သူ့ကိုမှတော့ ထပ်မချစ်မိတော့။ သူနဲ့ဟွန်ဂျွန်းလည်း ဂျီဟိုအကြောင်းပွင့်ပွင့်လင်းလင်း ပြောနိုင်လာသည်။ မိန်းကလေးတစ်ယောက်ကို အတူတူ ချစ်မိသော သူတို့ ၂ ယောက်၏ ကံကြမ္မာက အတူတူ အလွမ်း ဖြေဖို့လည်း အသုံးဝင်ပါသည်။ သတိရတိုင်း တစ်ခုမဟုတ် တစ်ခုပြောဖြစ်ကြသည်။
“ အစ်ကို ဘာလုပ် ”နောက်မှ လာဖက်သော Jun ကို လှည့်ပြုံးပြလိုက်ရင်း သက်ပြင်းလေး ချလိုက်သည်။
“ ငါ ဒီနေ့ ဟို ၂ ယောက်ကို ထူးထူးခြားခြား သတိရနေတယ် ”
Jun က ကုတင်ပေါ်သို့ ပစ်လှဲလိုက်ရင်း..
“ သူတို့ ကျွန်တော်တို့ကို အရမ်းသတိရနေလို့နေမှာ ”
“ အေးကွာ… ငါတို့လည်း သတိရရုံကလွဲလို့ ဘာမှမလုပ်နိုင်ပါဘူး ”ပြူတင်းပေါက် အပြင်ကိုကြည့်လိုက်တော့ လမင်းကြီးက ရွှန်းရွှန်းလဲ့လဲ့ သာနေသည်။ ယောင်ဆန်းရော Junပါ လမင်းကြီးကို ပြုံးလျက် ကြည့်ရင်း..
“ ဘယ်ပြောနိုင်မလဲနော်။ဒီအချိန် သူတို့လည်း လမင်းကြီးကို ကြည့်ချင် ကြည့်နေမှာ ”သူတို့နှစ်ယောက် ရယ်ဖြစ်သွားလေသည်။
DU LIEST GERADE
ဒဏ္ဍာရီ
Fanfictionဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction