အပိုင်း ၃

187 13 2
                                    

(Unicode)
ဒဏ္ဍာရီ အခန်း (၃)

Kpop ဆိုတာနှင့် ယု တော်တော် အလှမ်းဝေးပါသည်။ ထိုစဉ်က သူမအတွက် Kpop ဆိုတာတွေ နားထောင်ဖို့ မဆိုနှင့် မြန်မာသီချင်းတွေပင် ယုသိသည်မဟုတ်။ ခေတ်ပေါ်အဆိုတော်တွေကိုလည်း စုံစေ့အောင် ယုမသိ။ သီချင်းတွေ ကြားဖူးသော်လည်း မည်သူဆိုမှန်းမသိ၊ သီချင်းနာမည်မသိ။ သည်လိုအခြေအနေတွင် ကိုရီးယားနိုင်ငံမှ Kpop ဆိုတာကို ယု မသိတာ ဆန်းတော့မဆန်းပါ။ ယုကိုယ်တိုင် စိတ်မ၀င်စားတာလည်း ပါပါလိမ့်မည်။
တက္ကသိုလ် ပထမနှစ်ရောက်မှ ယုသည် Kpop ကို သိစရာ အကြောင်းဖန်လာသည်။  တစ်နေ့ အတန်းထဲမှ သူငယ်ချင်းတစ်ယောက်နှင့် စာအတူတူကျက်ရန် သူမအိမ်သို့ လိုက်သွားဖြစ်သည်။ ဖြစ်ချင်တော့ သူငယ်ချင်းက ရေချိုးနေသဖြင့် ဧည့်ခန်းထဲတွင် ထိုင်စောင့်ရင်း သူငယ်ချင်း၏ အစ်မဖြစ်သူ ကြည့်နေသည့် ရုပ်ရှင်ကို လိုက်ကြည့်မိရာက သူမ၏ Kpoper ဘ၀ အစပျိုးတော့သည်။ နောင်အခါ သူငယ်ချင်းကပြောပါသည်။ ထိုစဉ်က သူမြင်လိုက်ရသော ယု၏ ပုံကို ဓာတ်ပုံမရိုက်ထားနိုင်ခဲ့သည်မှာ သူမ၏ မဟာအမှားတဲ့။
ထိုစဉ်က ယု သည် သူငယ်ချင်း၏ အမေက ဧည့်ခံသည့် ကောက်ညှင်းပေါင်းကို စားနေခဲ့တာ ဖြစ်သည်။  ဗိုက်လည်းတော်တော် ဆာနေသည်မို့ ပဲပြုတ်၊ နှမ်းထောင်းနှင့် နှမ်းဆီမွှေးမွှေးလေးဆမ်းပြီး နယ်ထားသော ကောက်ညှင်းပေါင်းကို ပါးစပ်ထဲ ပလုတ်​ပလောင်းထည့်ပြီးဝါးနေခိုက်  TV ဖန်သားပြင်မှ မင်းသားတစ်ယောက် ကို မြင်လိုက်ပြီး ဆက်ဝါးဖို့လည်း သတိမရတော့ဘဲ ပါးနှစ်ဖက်တွင် ကောက်ညှင်းပေါင်းအပြည့်ဖြင့် အကြောင်သားငေးနေခဲ့သည်မှာများ သူငယ်ချင်း ရောက်လာပြီး ပုခုံးကိုတွန်းထိုးကာ ခေါ်ယူရသည်အထိ။

“ သူ- သူ ဘယ်သူလဲ ဟင်။ ချောလိုက်တာနော် ”

ယုကသာ အထစ်ထစ် အငေါ့ငေါ့ဖြစ်နေသော်လည်း သူငယ်ချင်းက အေးအေးပင်။

“ ဘယ်သူတုန်း ”

“ အဲဒီ ဆံပင်ဝါဝါနဲ့ တစ်ယောက် ”

“ ဟယ်- ယုရယ်။ နင့်မလဲ အဖွားကြီးပေါက်စကျနေတာပဲ။ သူ့ကိုတောင် မသိဘူးရယ်လို့ဟယ်​။ယွန်းဂျီဟို တဲ့။ F4 ထဲက မင်းသားလေ ”

ဒဏ္ဍာရီOù les histoires vivent. Découvrez maintenant