အပိုင်း ၁၆

47 6 0
                                    

ဒဏ္ဍာရီ  အခန်း (၁၆)

သည်လိုနှင့် ၂ နှစ်တာဟူသော အချိန်သည် ဖျတ်ကနဲ ကုန်ဆုံးသွားသည်။ ယု ရော မီပါ နှစ်ယောက်လုံး ကျောင်းပြီးသွားကြပြီ။ ယုက ဘားအံမှဖြစ်ပြီး မီကတော့ ပျဉ်းမနားမှ ဖြစ်သဖြင့် နှစ်ယောက်လုံး ရန်ကုန်သို့လာပြီး အလုပ်အတွက် ရုန်းကန်ကြရသည်။ အဆင်မပြေမှုတွေကြားထဲတွင် ကံကောင်းသည်ကတော့ ယုနှင့်မီ အခန်းလေး တစ်ခန်း ငှားနေဖြစ်သွားသည်။ မလူးသာ မလွန့်သာ အခန်းကျဉ်းလေးသည် ယုနှင့်မီအတွက်တော့ အေးချမ်းသည့် ခိုနားရာလေးတစ်ခုဖြစ်သည်။ Online ပေါ်တွင် အမှတ်မထင်တွေ့ဖြစ်သော သူမ တို့နှစ်ယောက်သည် အခုလို ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်လာသည်ကတော့ စိတ်ရင်းတစ်ခုအပြင် TripleS ဟူသော ချည်နှောင်မှုတစ်ခု ဖြစ်လိမ့်မည်ဟု ထင်သည်။ သင်တန်းတွေတက်ရင်း၊ အလုပ်ရှာရင်း မိဘပိုက်ဆံလက်ဖြန့်တောင်းနေရသော ဘ၀မှ လွတ်ရန် အပြင်းအထန်ကြိုးစားရသည်။
ဘယ်လိုပဲ ပိုက်ဆံကြပ်တည်းပါစေ ဖုန်းဘေလ်ကိုတော့ ပြည့်ပြည့်၀၀ရှိရန် ချန်ထားမိကြလေသည်။ ထိုသို့မှ မလုပ်လျှင် 501 နှင့် စကားပြော၍မရဘူးမဟုတ်ပါလား။  အချိန်တွေကြာလာသည်နှင့်အမျှ ဆွေမျိုးတွေလိုဖြစ်လာသော 501 က ယု တို့အခြေအနေကိုသိနေသဖြင့် အဆင်မပြေလျှင် မလာပါနှင့် ပြောသော်လည်း ယုတို့ဘက်မှ ပျက်ကွက်၍မဖြစ်ပါ။  501 ကို စသိပြီဆိုကတည်းက  တစ်နေ့ကျလျှင် အနားမှ ထွက်သွားမည့်သူတွေဆိုတာ သူမတို့နှစ်ယောက်လုံးသိပါသည်။ ယုအကောင့်လေးထဲတွင် ခဏတာ ၀င်ခိုနားပြီး အချိန်တန်လျှင်တော့ သူတို့ထွက်သွားမည်ပဲ မဟုတ်ပါလား။ ထို့ကြောင့်  နေ့တိုင်း အချိန်တိုင်းသည် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်နိုင်သည်။ သူမတို့ မသွားနိုင်သည့်အချိန် သူတို့ထွက်သွားမှာ စိုးသည်။ ထို့ကြောင့်လည်း  နေ့တိုင်း online တက်နိုင်ဖို့ ကြိုးစားနေကြရခြင်းဖြစ်သည်။တကယ်တမ်းက အခုလောက်ပင် သူတို့၏ ခင်မင်မှု သက်တမ်းကြာလာလိမ့်မည်ဟု ထင်ပင်မထင်ထားခဲ့မိပါ။
ဂွတီးဂွကျ နိုင်သည်တစ်ခုက ယု နှင့် မီ တစ်အိမ်တည်းတွင်နေသော်ငြား Online မှ စကားပြောပြောနေရခြင်းပင်။ ထိုသို့မှမလုပ်လျှင်လည်း ယောင်ဆန်းက စကားပြော၍မရဘူးမဟုတ်ပါလား။ Kyu ကတော့ Jun အကောင့်ကို အပိုင်သိမ်းထားသည်။ နာမည်ပင် ပြောင်းပစ်လိုက်သေးသည်။ ဒါ သူ့အကောင့်ပေါ့လေ။ အကောင့်မရှိတော့သော Jun တော့ ထုံးစံအတိုင်း ယုအကောင့်ဆီသို့သာ။ လီဒါကတော့ တစ်ခါတစ်လေ Kyu အကောင့်ထဲမှ ၀င်စကားပြောသည်။ ယုအကောင့်ကိုတော့ လီဒါ ၀င်လေ့မရှိ။ စကားလည်း သိပ်မပြော။ Kyu ကတော့ ပြောသည်။ လီဒါက ယုကို စကားမပြောရဲဘူး တဲ့။ ဘာကြောင့်လဲတော့ ယုလည်းမပြောတတ်ပါ။ JJun ကတော့ လီဒါက ယုကို ရှက်နေတာဟုလည်း ဆိုသည်။ ဘာလို့လဲဟုမေးတော့ ယုချစ်တာ သူသိသည်တဲ့။ fan က Idol ကို ချစ်တာ အဆန်းလည်းမဟုတ်သလို သူတို့တွေအတွက်လည်း ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။ မီကတော့ လီဒါက ယုကိုများ စိတ်ဝင်စားနေလို့လားဟု မရဲတရဲတွေးသော်လည်း သူမအတွေးက စကြာဝဠာ တစ်ခုနှင့် တစ်ခုလို အဝေးကြီးဖြစ်နေသဖြင့် နယ်ကျွံသွားသော အတွေးတွေကို ပြန်ချုပ်ထားမိသည်။
တစ်နေ့တော့ မီ့အတွေးက လူမှားပြီး မှန်သည်။ ယောင်ဆန်းက ယုကို ချစ်ရေးဆိုပါသည်။
“ ချစ်တယ် ”
တိုတိုလေးရေးထားသော မက်ဆေ့ခ်ျတစ်ခုက ယု မျက်လုံးတွေပြာပြီး ဘာမှ မမြင်တော့လောက်အောင် လုပ်ပစ်လိုက်ပါသည်။ စစချင်း အံ့သြသွားသလို အဲဒီစကားနှင့် စရပါ့မလား ဆိုပြီး ယောင်ဆန်းကို ယု ဒေါသထွက်လိုက်သည့်ဖြစ်ချင်း။ ပိုဆိုးသည်က ထုံးစံအတိုင်း ယောင်ဆန်းက မီ နှင့် ယု၏ chat box ထဲဝင်ပြောသည့်အတွက် ဖြစ်သည် ။ သည်စကားက မီ့ရင်ကို ဓားနှင့်ထိုးသည့်စကားမှန်း ယောင်ဆန်းသိသင့်ပါလျက် လာပြောသည့်အတွက် ယုတစ်ယောက် ရင်ခုန်ဖို့ဝေးလို့ အကြီးအကျယ် ဒေါသထွက်ကာ ယောင်ဆန်းနှင့် စကားများသည်။
“ နင် ငါ့ကို အဲဒီလို မစနဲ့။ ငါမကြိုက်ဘူး ”
“ နင့်ကို ငါစနေတယ် ထင်လို့လား ဂျီဟို။ ငါတကယ်ပြောနေတာ ”
“ မဖြစ်နိုင်တာတွေ လာမပြောနဲ့ ဟိုယောင်ဆန်း ”
“ လွန်ခဲ့တဲ့လက ငါ့အိမ်က ငါ့ကို အခုထိ လက်မထပ်သေးလို့ ပြောတယ်။
   ချစ်သူမရှိရင် သူတို့သဘောတူတဲ့လူနဲ့ လက်ထပ်ဖို့လည်း စကားစနေပြီ။ ”
“ လက်ထပ်လိုက်ပေါ့ အဲဒါဆိုလည်း…။ နင့်အရင် ငါ့ကိုပြောပြောနေတဲ့
  A Pink အဖွဲ့က တစ်ယောက်ရော…။ ”
“ သူနဲ့ငါ ပြီးသွားတာ ကြာလှပြီလို့ ငါနင့်ကို ပြောဖူးသားပဲ ဂျီဟို။ အခု ငါ့မိဘတွေ စကားစလာချိန်မှာ
  ငါ့မျက်စိထဲ နင့်ကို မြင်မြင်လာတယ်။ ငါ သူတို့အစီအစဉ်ကို လက်မခံနိုင်တာရဲ့ အကြောင်းရင်းက
  နင်ဖြစ်နေတယ် ။ ငါလည်း ငါ့ကိုယ်ငါ ဒီလိုဖြစ်မယ် ထင်မထားပါဘူး။ ဒီလထဲ ငါခဏခဏ ပြန်စဉ်းစားတယ်။
  ဒါပေမယ့် ငါသေချာပါတယ် ဂျီဟို ”
ယုသည် စည်းထားသော ခေါင်းစည်းကြိုးကိုပင် ဖြုတ်ကာ လွှင့်ပစ်လိုက်မိသည်။ မီ့ကို လှမ်းကြည့်လိုက်တော့ ဖုန်းလေးကိုင်လျက်  နံရံကိုမီကာ ယုကို အကြောင်သား ငေးနေလေသည်။ မီ့မျက်လုံးတွေက ကြည့်သာကြည့်နေသော်လည်း မမြင်သလို…။ ယုသည် မီ့အကြည့်ကိုမခံနိုင်ဖြစ်ကာ ယောင်ဆန်းကို ပိုပြီး ဒေါသထွက်လာသည်။
“ နင် ငါ့ထက် ၁၀ နှစ်ကြီးပါတယ် ယောင်ဆန်းရယ်။ သေချာပြန်စဉ်းစားပါဦး။
  နင်ပြောတာတွေ ဟုတ်သည်ပဲထား။ နင်နဲ့ငါ ဘယ်လိုမှကို မဖြစ်နိုင်ဘူး ဆိုတာ နင်သိတယ် မဟုတ်လား။
  နိုင်ငံမတူ၊ လူမျိုးမတူ၊ ဘာသာမတူ၊ အခြေအနေကလည်း မိုးနဲ့မြေ လို၊ မိသားစုအသိုင်းအ၀ိုင်း၊ ဘာတစ်ခုမှကို
  ဆက်စပ်လို့မရတဲ့ ၂ ယောက် ဘယ်လိုဖြစ်နိုင်မလဲ။ နင့်အမေက ငါနဲ့ သဘောတူမတဲ့လား။
  နင်က တစ်ဦးတည်း သောသား ၊ နင့်မိဘက နင့်ကို မျှော်လင့်ထားတာ အများကြီးနေမှာ။ နင့်ပရိတ်သတ်ကရော
  ငါလိုလူနဲ့ သတင်းထွက်ရင် နင် နာမည်ကျမယ်။ ထပ်မပြောပါနဲ့တော့ ငါတောင်းပန်ပါတယ် ”
ယုသည် စကားအရှည်ကြီး ပြောပြီး မောသွားသည်။
“ နင်သာ ငါ့ကို လက်ခံတယ်ဆိုရင် နင်ပြောတဲ့ကိစ္စတွေအကုန်လုံး ငါရအောင် ရှင်းမယ် ”
“ ဟိုယောင်ဆန်း….နင်ဘယ်လိုဖြစ်နေတာလဲ။ ဘာလဲ  ငါက ပိုက်ဆံမရှိလို့၊ နင်ဘာလုပ်လုပ်ရတဲ့
  အရူးလို ပရိတ်သတ်မို့လို့ အထင်သေးတာလား ။ နင့်မျက်လုံးထဲမှာ ငါက အဲဒီလောက် အထင်သေးစရာ
  ကောင်းလား ”
“ ဂျီဟို- နင်အဲဒီလိုပြောတော့ ငါတကယ် စိတ်မကောင်းဘူး။ ဘာလို့ အဲဒီလိုထင်ရတာလဲ ။
  ငါ အဲဒီသဘောမပါတာ နင်သိဖို့ကောင်းတယ် ”
“ စိတ်မကောင်းလည်း မတတ်နိုင်ဘူး။  နင်ပြောခဲ့တာ ငါမေ့လိုက်မယ်။
  နင်လည်း မေ့လိုက်ပါ။  ငါ့အကောင့်ထဲလည်း မလာပါနဲ့တော့”
ယုသည် ပြောပြီးပြီးချင်း out ပစ်လိုက်သည်။ တကယ်တော့ သူမလည်း စိတ်ထဲမကောင်းပါ။ ကိုယ်ချစ်သော အနုပညာရှင်တစ်ယောက်ကို ကိုယ်ယုံပါသည်။ အခြေအနေမတူသော မိန်းကလေးတစ်ယောက်ကို အပျော်တွဲတတ်သော လူစားမျိုးမဟုတ်မှန်းသိသော်လည်း ဖြစ်ပျက်နေသည့်အခြေအနေက သည်လိုပဲ ထင်ပစ်လိုက်ချင်သည်။ ယောင်ဆန်း စိတ်မကောင်း တကယ်ဖြစ်သွားမှန်းလည်း ယုသိသည်။ သို့သော် တစ်ခြားကမ္ဘာမှာ ရှိနေသော ယောင်ဆန်းထက် အနားမှာ ရှိနေသော မီက ယုအတွက် ပိုအရေးကြီးပါသည်။ မီမျက်နှာ ညှိုးနေတာကို ယောင်ဆန်းမျက်နှာညှိုးတာထက် ယုပိုအရေးထားပါသည်။
“ ယောင်ဆန်း စိတ်မကောင်းဖြစ်သွားတော့မှာပဲ ယု ”
မီက ပြုံးရင်းပြောသည်။ သို့သော် မီ့အပြုံးက အသက်မပါ။
“ ငါ ဘာမှမဖြစ်ဘူးလို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ငါအရမ်းချစ်တဲ့ အနုပညာရှင်တစ်ယောက်
  Dating news ထွက်သလိုမျိုး ခံစားရတာသက်သက်ပါ။ ငါ သူ့ကို ဘယ်တုန်းကမှ ငါ့ကို
  ချစ်လာဖို့ မမျှော်လင့်ခဲ့ဖူးပါဘူး။ တကယ်ပါ ။ ငါ့ကို ယုံပါ ယု”
ယုသည် မီ့ကို စေ့စေ့မကြည့်ရဲ သလိုဖြစ်နေသည်။ ဘာပြန်ပြီး ပြောရမှန်းလည်း မသိ။ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်သည်။ ဒေါသပြေစပြုလာတော့ ငိုချင်လာပြန်သည်။
“ နင့်ကြောင့်သာ ငါ သူတို့နဲ့ သိခွင့် ခင်ခွင့်ရခဲ့တာပါ။ နင့်ကိုငါ အရမ်းကျေးဇူးတင်နေတာ။
  ကိုရီးယားသွားဖို့ဆိုတာ အိပ်မက်တောင် မက်လို့မရတဲ့ဘ၀မှာ နင့်ကြောင့်သာ ငါ သူတို့နဲ့
  ခင်မင်ရင်းနှီးခွင့်ရခဲ့တာ။ ငါ ဒီလောက်နဲ့ပဲ ပြည့်စုံနေပါပြီ ယုရယ်။ ယောင်ဆန်းကို ငါချစ်ပါတယ်။
  ပုံစံမျိုးစုံနဲ့ ငါချစ်တာပါ။ သူငယ်ချင်းလို…မောင်နှမလို…ချစ်သူတစ်ယောက်လို….။ ဒါပေမယ့်
  ဒီလိုပဲလေ…ငါ ဒီထက်ပိုပြီး မမျှော်လင့်ပါဘူး။ တကယ်ကို မမျှော်လင့်ခဲ့ဘူး။ ငါ နင့်အတွက်
  ၀မ်းသာပါတယ် ယုရယ်။ တကယ်ပါ ”
ငိုမဲ့မဲ့ဖြစ်နေသော ယုကို မီက လှမ်းဖက်သည်။ မျက်ရည်တွေ ဘယ်လိုကျလာမှန်း ယုမသိ။ ယုအဖြစ်က သူများချစ်တဲ့သူကိုလည်း ယူသေး၊ ဦးအောင်လည်း ငိုသေး ဆိုသလိုဖြစ်နေသည်။
“ ငါ- ငါ- သူ့ကို လက်မခံပါဘူး မီ..”
“ ငါ သိပါတယ် ယုရယ်။ ရှင်းမပြစမ်းပါနဲ့။ နင်ချစ်တာ   သူ့ကိုမှ မဟုတ်ဘဲ။ ငါသိတာပေ့ါ။
ပြီးတော့ ချစ်တာမချစ်တာတွေ အသာထားဦး၊ ငါတို့ဘ၀က ကိုယ်ချစ်တဲ့သူကို
ကိုယ်မျှော်နေခွင့်ရှိတဲ့ဘ၀မှ မဟုတ်တာ။ နင်မှ မဟုတ်ဘူး။ ငါ့ကို လာပြောလည်း
ငါ ခါးခါးသီးသီး ငြင်းမှာပဲ။ ငါတို့ တစ်ကိုယ်ကောင်းဆန်လို့မှ မရတာ ယုရယ်…မငိုပါနဲ့ ”
မငိုနဲ့ဟုပြောသော်လည်း ယုငိုဖြစ်ခဲ့သည်။ မီကလည်း ဘာမှမဖြစ်ပါဘူးဟုပြောသော်လည်း ထိုနေ့မှစ၍ မီ့အကောင့်  ပရိုဖိုင်း မှ ယောင်ဆန်းပုံ ပျောက်ကွယ်သွားခဲ့လေသည်။ ယုက ပြန်သုံးရန် ပြောသော်လည်း မီက လက်မခံ။ ကိုယ့် သူငယ်ချင်းကို ချစ်နေသော ယောက်ျားတစ်ယောက်ပုံကို မသုံးသင့်ဟု မီကသတ်မှတ်သည်။ ယုကလည်း ယောင်ဆန်းကို အားနာသည့်စိတ်နှင့် သူမ ပရိုဖိုင်းမှ လီဒါ့ပုံလေးကို ဖြုတ်လိုက်သည်။ အနည်းဆုံးတော့ သူမ ဒါလေးတော့ လုပ်ပေးနိုင်သည်မဟုတ်လား။ နှလုံးသားတွင် စွဲထင်သော ပုံရိပ်တစ်ခုတော့ဖြင့် ပရိုဖိုင်းပုံလို အပြောင်းအလဲ လုပ်၍ ရသည်မဟုတ်မှန်းတော့ ယုရော မီပါ သိကြပါလိမ့်မည်။

ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora