အပိုင်း ၄၃

24 3 0
                                    

ဒဏ္ဍာရီ အခန်း (၄၃)

တိတ်ဆိတ်နေသော အခန်းလေးထဲတွင် ခန်းဆီးဖြူလေးတွေက အနည်းငယ်လှုပ်ခတ်နေသည်။ ဖေဖေ ပြူတင်းပေါက်နည်းနည်းဖွင့်သွားသည်ထင်ရဲ့။ ပြူတင်းပေါက်မှ တိုးဝင်လာသော လေနွေးနွေးလေးထဲတွင် နွေဦးရနံ့လေးတွေ ပါလာသည်။ ရာသီဥတုလည်း သိသိသာသာ အအေးသက်သာလာသည်။ တိုးသက်ညင်သာစွာ နားစည်ကိုရိုက်ခတ်လာသော သီချင်းသံ..။

“ like tear are falling ”

မီဆို မျက်လုံးမှိတ်လိုက်သည်။ မင်းနဲ့တွေ့ဖို့ မွေးဖွားလာသတဲ့...…တွေ့ဆုံကြုံကွဲကို ဂရုမစိုက်ဘဲ အနားမှာ ထာဝရ ရှိနေမတဲ့…။ ဒီသီချင်းကို ကိုရီးယားဗားရှင်း ရော၊ ဂျပန်ဗားရှင်းပါ သူမကြိုက်ပါသည်။

“ မီဆို- ဘာစားဦးမလဲ ”

အခန်းဝမှ ဖေဖေက လှမ်းမေးသည်။

သည်အိမ်မှာတော့ ဖေဖေပဲ မိခင်၊ ဖေဖေပဲ ဖခင်။ မိဘကို သားသမီးက ပြုစုရမည့်အစား ၊ ကျန်းမာရေးမကောင်းသောသမီးတစ်ယောက်ကို ပြုစုနေရသော ဖေဖေ့ကိုသူမ သနားပါသည်။

“ မစားတော့ဘူး ဖေဖေ ”

ဖေဖေက အလိုက်တသိ တိတ်တိတ်လေး တံခါးပိတ်ကာ ပြန်ထွက်သွားသည်။ အဖြူရောင်ကြိုက်သော မီဆိုသည် ဘာကြောင့်မှန်းမသိ နေမကောင်းဖြစ်သည့်အချိန်တွေတိုင်း အဖြူရောင်ပဲ ၀တ်ချင်သည်။ ခန်းဆီးဖြူလေးတွေ ရှိနေလျှင် အသက်ရှူချောင်သည်ဟု သူမထင်သည်။ အိပ်ယာပေါ်လှဲနေသော သူမ၏ မျက်နှာကလည်း ခန်းဆီးနှင့်အပြိုင် ဖြူလျော်လျော်ရှိနေလေသည်။

အမြဲတမ်း လန်းဆန်းတက်ကြွနေတတ်သော သူမ… တကယ်တမ်းက ကျန်းမာရေးကောင်းသူမဟုတ်။ တဒိတ်ဒိတ်ခုန်နေသော သူမ နှလုံးသားက အတင်းနှိုးထားရသဖြင့် အလုပ်လုပ်နေရသော အင်ဂျင်စက်တစ်လုံးလိုပဲဖြစ်သည်။ ပျက်သည့်အခါပျက်သည်၊ ကောင်းသည့်အခါလည်း ကောင်းနေသည်။ စိတ်ပြေလက်ပျောက် အလုပ်ထဲအာရုံနှစ်ထားသော်လည်း နည်းနည်းပင်ပန်းတိုင်း အိပ်ယာထဲလဲသည်။ စိတ်လှုပ်ရှားလို့လည်းမရ…။ မနေ့က အပြင်းအထန် စိတ်လှုပ်ရှားခဲ့သည့်ဒဏ်နှင့် သည်နေ့ အိပ်ယာထဲလဲသည်။ ဒါတွေ ပတ်ဂျောင်မင်း သိမှ သိပါလေစ။

ဒဏ္ဍာရီWhere stories live. Discover now