ဒဏ္ဍာရီ အခန်း (၃၄)
ယောင်ဆန်းသည် ရုတ်ချည်းဆိုသလို ခြောက်ကပ်ကပ်ဖြစ်သွားသော အခန်းလေးထဲတွင် ငူတူတူထိုင်နေမိသည်။
“ သြော်- တစ်သက်လုံး တစ်ယောက်တည်း နေလာတဲ့ အခန်းက အခုမှ တိတ်ဆိတ်နေရတယ်လို့ ”
သူ မကျေမချမ်းတွေးသည်။ သည် ၁၀ ရက်အတွင်း ဆူညံနေခဲ့သလားဆိုတော့လည်း မဟုတ်ပြန်။ စကားပင် မပြောနိုင်ခဲ့သော မီဆိုက ဘာတွေများ ဆူဆူညံညံလုပ်နိုင်မည်နည်း။ သူမ ဆူဆူညံညံလုပ်တာဆိုလို့ ဖုန်စုပ်စက်သာ ရှိသည်။ သို့သော်လည်း သည်မနက် မီဆို အား သူမ ဖခင်က လာခေါ်သွားကတည်းက သူ့အခန်းက တော်တော်လေး ခြောက်သွေ့နေခဲ့တာတော့ အမှန်ပဲဖြစ်သည်။
သူသည် စားပွဲပေါ်တွင် တင်ထားသော ဖဲစအ၀ါရောင်နှင့် လှလှပပ စည်းနှောင်ထားသော အထုပ်လေးကို ဖြည်လိုက်သည်။ အကောင်းစား အမဲသား တစ်ထုပ်ဖြစ်သည်။ မီဆို၏ ဖခင်က ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြော၍ ပေးသွားသော လက်ဆောင်ဖြစ်သည်။ အရမ်းကြီး ကျေးဇူးတင်လွန်းနေသဖြင့် သူပင် ထိုင်ရမလို ထရမလို ဖြစ်နေမိသည် အထိ။ မီဆိုကို သူကယ်ခဲ့တာတော့လည်း မှန်သည်။ သို့သော် စစချင်းတော့ သူ နှင်ထုတ်ခဲ့သေးသည် မဟုတ်လား။ ဒီအကြောင်းသိလျှင်တော့ ထိုဦးလေးကြီးက သူ့အမဲသားထုပ်ကို ပြန်သိမ်းသွားမည်လားမသိ။ သူသည် ပေါက်ကရတွေးရင်း ဟက်ကနဲ ရယ်မိလိုက်သေးသည်။ သို့သော် ဘာပဲ ဖြစ်ဖြစ် သူ ကျေနပ်သည်။ သူ မီဆိုကို ကူညီရသည့်အကျိုးနှင့် ဟွန်ဂျွန်း နှင့် Kyu တို့ မြန်မာနိုင်ငံသို့ လက်ဆောင်ပေးရန် လမ်းစရသွားပြီ မဟုတ်လား။“ ဂျီဟိုရော နေကောင်းရဲ့လားမသိဘူး ”
မြန်မာနိုင်ငံဟု ဆိုသည်နှင့် ဂျီဟိုက သူ့အတွေးထဲရောက်လာသည်။ ချစ်ခြင်းမေတ္တာသည် ပိုင်ဆိုင်ခြင်းမဟုတ်သလို ရယူနိုင်ခြင်းပေါ်လည်း မူတည်မည် မထင်ပေ။ အလဲလဲအကွဲကွဲနှင့် ကျန်ခဲ့ရသော်လည်း သူငယ်ချင်းမလေး ဂျီဟိုကိုတော့ သူမကြာခဏလွမ်းပါသည်။ ထိုအလွမ်းက သူတို့နှစ်ဦး စတွေ့ခါစကလိုပဲ ဖြူစင်နေဆဲဖြစ်သည်။ မီဆို့ အကြောင်းပြောရဦးမည်ဟုတွေးကာ သူ မက်ဆင်ဂျာထဲ ခဏ၀င်လိုက်သည်။ ကံကောင်းစွာပဲ ဂျီဟို ရော ဂျန်းမီပါ ရှိနေသည်။
أنت تقرأ
ဒဏ္ဍာရီ
أدب الهواةဤfiction ကို မီဆိုနှင့်အတူ TS များ အားလုံး ပိုင်ပါတယ်။ ပြင်ပ အဖြစ်အပျက်တချို့ နှင့်အမှန်တရား တချို့ ပါပါတယ်။ Not BL . Just fanfiction