Unicode
( ၂ )
"ဖုန်း..."
"အ့"
ကိုယ့်ဆီ အချစ်ရောက်လာတုန်းက ကိုယ့်မျက်နှာတစ်ခုလုံးလည်ထွက်သွားသလိုပဲ။ ဒါပေမဲ့ အဲ့ဒါကို အချစ်လို့မမြင်ခဲ့ဘူး။ ဘက်စကက်ဘောလုံးတစ်လုံးကိုပဲမြင်ခဲ့တာ။ ပြီးတော့ ကိုယ်သတိမထားမိသေးတဲ့ သူ့ရဲ့မျက်နှာ။ သတိမထားမိဆို ကိုယ့်မျက်နှာက သေလောက်အောင် နာနေတာကိုး။ မျက်လုံးတစ်ဖက်ရော၊ ပါးတစ်ဖက်ရော။ နှာခေါင်းဆို အရိုးကျိုးသွားပြီတောင် ထင်ခဲ့တာ။ သူရော ကိုယ့်သူငယ်ချင်းတွေရော အနားကိုအပြေးရောက်လာကြပြီး ကွင်းထောင့်က ကြက်ခြေနီအသင်းဆီ ဘယ်လိုရောက်သွားလဲတောင် မသိလိုက်ဘူး။ အဲ့အချိန်တုန်းက မျက်နှာကလည်း အရမ်းနာနေပြီး လူကလည်း တအားပူထူပြီး ရှက်နေခဲ့တာ။ ကြက်ခြေနီအသင်းက သေချာကုပေးပြီး မျက်နှာကို ရေခဲကပ်လိုက်မှ တော်တော်သက်သာသွားတာ။ သူကတော့ မေးရှာပါတယ်။ "ဆေးခန်းသွားမလား" တဲ့။ သူကတော့ အနားမှာလာရပ်နေပြီး ပြာနေသလိုပါပဲ။ တောင်းပန်ကြောင်းလည်း တဖွဖွပြောနေတယ်။ ကွင်းထဲလည်း ဝင်မကစားတော့ဘူး။ နည်းနည်းတော့ နေရခက်တာအမှန်ပဲ။ ကိုယ်လည်း သူ့ကို အားနာတာနဲ့ ဆေးခန်းသွားဖိုု့ငြင်းလိုက်မိတယ်။ တကယ်ဆို ကိုယ့်အမှားလည်း ပါတာပေါ့လေ။ ကစားသမားတွေ သွေးပူအောင် လေ့ကျင့်နေမှန်းသိသိနဲ့ကို ဂိုးတိုင်အောက်က ဖြတ်လျှောက်မိတာ။ ဟိုဘက်ခြမ်းစတိတ်စင်ပေါ်က သူငယ်ချင်းတွေဆီ အမြန်ရောက်ချင်တဲ့ဇော ကပ်နေတာလည်းပါတာပေါ့။ အခုမှ ဘောလုံးပိုင်ရှင်ကို သေချာကြည့်မိတယ်။ အားကစားသမားဆိုတော့ အရပ်မြင့်မြင့်၊ ရင်အုပ်ကျယ်ကျယ်နဲ့။ အသားတော့ဖြူတယ်။ သူဝတ်ထားတဲ့ဂျာစီအင်္ကျီကလည်း သူ့ဗိုက်ပြေပြေမှာ ကပ်လို့။ ကြွက်သားအဖုအထစ်တွေမရှိပေမယ့် ကြည့်လို့ကောင်းတဲ့ပုံစံမျိုးပါပဲ။ သူ့မျက်နှာက လေးထောင့်လည်းမကျပေမယ့် V shape ပုံစံမျိုးလည်းမဟုတ်ဘူး။ မျက်လုံးမျက်ဖန်ကောင်းကောင်းတွေက မျက်တောင် တိုစိပ်စိပ်တွေအောက်မှာ စူးစူးရှရှပဲ။ နှာတံဖြောင့်ဖြောင့်က ချွန်တယ်လို့မဆိုသာတဲ့နှာဖျားမှာ အဆုံးသတ်တယ်။ မထူမပါးမျက်ခုံးတွေကို ထိလုမကတွန့်ချိုးထားပုံက နည်းနည်းတော့ရှိန်ရတယ်။ ဘယ်လောက်ထိကြည့်နေမိတော့မသိဘူး။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းထူထူတွေက ပြုံးယောင်သမ်းလာမှ အကြည့်လွှဲမိတယ်။ ငါးစက္ကန့်။ ဟုတ်တယ်။ ကိုယ်ငေးနေမိတာ ငါးစက္ကန့်ထက်တော့မပိုပါဘူး။ ဖြစ်ချင်တော့ ရှက်ရှက်နဲ့လွှဲကြည့်တဲ့အကြည့်က သူ့ခြေထောက်မှာ ခစားတယ်။ ခြေသလုံးဖြူဖြူ တုတ်တုတ်က ယောက်ျားလေးမှန်းမသိမှာစိုးလို့လားမသိ အမွေးအမျှင်တွေနဲ့ တစ်မျိုးကြည့်ကောင်းပြန်တယ်။ အကြည့်တွေကို အောက်ဖက်ကိုပို့မိတော့ ဈေးကြီးပေးဝယ်ထားရမှန်းသိသာတဲ့ အနက်ရောင် Nike က ခြေအိတ်ဖြူဖြူနဲ့ ပနံသင့်နေသလိုပဲ။ အမှားလုပ်သူကသူ၊ အထိနာသူကကိုယ်ဖြစ်ပါရက်နဲ့ ကိုယ်ကပဲ ဘာလို့ခေါင်းကြီးငုံ့ထားမိလဲမသိဘူး။ သူ့တောင်းပန်စကားကို ကျေနပ်ကြောင်း အမြန်ပြောပြီး အာစီထဲက ပြေးထွက်ခဲ့ရတယ်။ ကမန်းကတန်းထမင်းစား၊ စာသင်ဆောင်သုံးထပ်က ပြေးဆင်းပြီး အားရပါးရအော်ဟစ်အားပေးမယ်ဆိုပြီး အားခဲထားတဲ့ ကစားပွဲလည်း မကြည့်နိုင်တော့ပါဘူး။ လူကရှက်နေပြီလေ။ အမရာတို့များ ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်းကြောင်းပါပဲ။ တကယ်လို့ တကယ်လို့ပေါ့ ကိုယ့်မှာများ အနားမှာဖြစ်သမျှ တခြားလူတွေတွေးသမျှ အကုန်သိနိုင်တဲ့အစွမ်းမျိုးရှိခဲ့ရင် သူနဲ့အတူ ဆေးခန်းသွားဖို့ ခေါင်းညိတ်မိမှာ။ ဘယ်သိခဲ့ပါ့မလဲ ကိုယ့်ကို ထိသွားတဲ့ဘောလုံးရဲ့ ဦးတည်ရာက ကိုယ်ပဲဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ဘောလုံးပိုင်ရှင်ကောင်လေးက ကိုယ့်ကိုငေးရင်း ယောင်ယမ်းပြီး ဘောလုံးကို ပစ်လိုက်မိတယ်ဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ကိုယ်သတိမထားမိခင်ကတည်းက သူကကိုယ့်ကို သတိထားမိခဲ့တယ်ဆိုတာ။ တကယ်လို့ တကယ်လို့ပေါ့ သူမှန်းသိခဲ့ရင် သူ့တောင်းပန်စကားကို နားထောင်မယ့်အစား သူ့မျက်လုံးကိုကြည့်လို့ ကျေးဇူးတင်စကားပြောခဲ့မိမယ် ထင်ပါတယ်။
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...