Unicode
နောက်စာသင်နှစ်တစ်ခုရောက်ပြီ။ အမရာကတော့ ဂုဏ်ထူးတန်းတက်ရတယ်။ အစ်ကိုကတော့ final ပေါ့။ ကျောင်းတက်ရက်တွေလည်း ပုံမှန်ပါပဲ။ အစ်ကို့လက်တွဲပြီး အဓိပတိလမ်းမကြီးပေါ် လျှောက်တယ်။ ကန်တင်းတွေပတ်ထိုင်တယ်။ ကျောင်းထဲ ဓာတ်ပုံလျှောက်ရိုက်ကြတယ်။ အစ်ကို့ဘက်စကက်ဘောပြိုင်ပွဲရှိရင် အတန်းလစ်ပြီး အားပေးတယ်။ ပင်လုံဆောင်ကြီးမှာ စာသင်တာ အရှိန်ရလာတော့ tutorial တွေ presentation တွေနဲ့ လစ်ထွက်လို့တောင် မရတော့ဘူး။ အစ်ကိုတို့ မေဂျာလေ့ကျင့်ရေးကွင်းဆင်းတိုင်း နေပူထဲ ဒီတိုင်းလျှောက်မသွားဖို့မှာရတာအမော။ ကောင်မလေးတွေနား သိပ်မကပ်ဖို့ အကပ်မခံဖို့ကတော့ မမှာမဖြစ်။ အရင်နှစ်ကလို ရန်မဖြစ်ချင်တော့ဘူး။ ဒီကြားထဲမှာ တောက်ကဆဖြစ်တာလေးတွေ ရှိပေမယ့် အစ်ကိုက ချက်ချင်းပြန်ချော့ပါတယ်။ အစ်ကို့အဖွားက ဘာမှမပြောတော့ဘူး။ တစ်ချိန်ကျ အစ်ကိုကသူ့ပြောစကားအတိုင်း တသွေမတိမ်းလိုက်လုပ်မယ်လို့ တထစ်ချတွေးထားပုံပါပဲ။ ကျောင်းသင်္ကြန်ကိုလည်း နှစ်ယောက်အတူ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းဖြစ်တယ်။ အစ်ကိုက အမရာ့အတွက် ပေးစာကဏ္ဍမှာ စာထည့်ပေးသေးတယ်။ အဲ့ကျ အစ်ကိုပြောတော့မှ အရင်နှစ်ကလည်း စာထည့်သေးတယ်ဆိုတာသိတာ။ အရင်နှစ်ကစာထဲ ဘာတွေရေးထားလဲမေးတော့ မဖြေတော့ဘူး။ ဘာမှထွေထွေထူးထူးမဟုတ်ပါဘူးတဲ့။ သိချင်တဲ့ဟာကို။ စာမေးပွဲဖြေတဲ့အထိ အကုန်သာသာယာယာပဲ။ ပြဿနာက စာမေးပွဲပြီးတစ်ပတ်မှာမှစတာ။ တစ်လျှောက်လုံး လေပြည်တိုက်နေခဲ့သမျှက အဆုံးကျ မုန်တိုင်းကြီးလာတော့တာပဲ။ မုန်တိုင်းတောင်မှ တိုင်ဖွန်းမုန်တိုင်းကြီး။ အစ်ကို့အဖွားက မောင်ဘုန်းသူရိန်ခန့်နှင့် မတွယ်တာလင်းလက်တို့၏ စေ့စပ်ကြောင်းလမ်းမင်္ဂလာဆိုတာကို သတင်းစာထဲထည့်လိုက်တာ။ အစ်ကိုကတော့ သူမသိဘဲလုပ်လိုက်လို့ ဒေါသူပုန်တွေထနေတာ ထိန်းမရဘူး။ ချက်ချင်းမန္တလေးကိုလိုက်သွားမယ်လုပ်နေတာနဲ့ အန်တီက ကဲကဲကိုပါခေါ်ပြီး သွားကြတယ်။ ဖေကြီးတို့လည်း သိသွားတော့ စိတ်တိုကြတာပေါ့။ အမရာပြောပြတော့ ကြိုမပြောရကောင်းလားဆိုပြီး အမရာ့ဘက် မြားဦးလှည့်လာတယ်။ သူငယ်ချင်းတွေလည်း ဝိုင်းမေးကြတော့ လူကထူပူနေတာပဲ။ ရှက်တာထက် ဒေါသထွက်တာ။ ပတ်ဝန်းကျင်ဆိုတာကို သိပ်ဂရုမစိုက်ပေမယ့် ကိုယ့်အရင်းနှီးဆုံးလူတွေအတွက်ကျတော့ စိတ်ထဲမကောင်းဘူး။ မျက်နှာပျက်ရတယ်မဟုတ်လား။ မေကြီးတို့ မမတို့ကတော့ အခုတည်းက လမ်းခွဲလိုက်တာကောင်းတယ်တဲ့။ နောက်မှဆို ဒီ့ထက်အကျယ်ကျယ်တွေဖြစ်ကုန်မှာ စိုးကြတာလည်းပါတယ်။ တစ်ခုခုဆို ခေါင်းငုံ့မခံတဲ့စိတ်လေးရယ် အလွယ်တကူအရှုံးမပေးချင်တဲ့ မာနတံခွန်လေးရယ်က အစ်ကိုဆိုတဲ့အားကိုးနဲ့ပေါင်းတော့ မေကြီးတို့ မမတို့ပြောတာ ခေါင်းထဲမဝင်ချင်ဘူး။ အစ်ကိုရှိတယ်ဆိုတဲ့စိတ်နဲ့တင် ရှေ့ဆက်တိုးဖို့ သတ္တိတွေရှိနေတယ်။ အစ်ကိုပြန်လာတော့ ဖေကြီးက အတွေ့မခံတော့ဘူး။ အမရာလည်း ဘာသင်တန်းမှမတက်ဖြစ်တော့ အိမ်ထဲက အိမ်ပြင်မထွက်ရဘူး။ အစ်ကိုနဲ့တော့ ဖုန်းအဆက်အသွယ်ရပါတယ်။ အခုချိန်ထိ ဖုန်းပေးသုံးသေးတာ ဖေကြီးတို့မေကြီးတို့ကို ကျေးဇူးတင်ရတယ်။ အစ်ကိုနဲ့တွေ့ရင် မိုက်ရူးရဲဆန်တာတွေလုပ်သွားကြမှာ စိုးရိမ်ကြမှန်းလည်းသိတယ်။ မလုပ်ပါဘူးပြောလည်း စိတ်မချမှန်းသိတော့ ပြောမနေတော့ဘူး။ အစ်ကိုလည်း အဖွားကိုပြောမရတော့ စိတ်တော်တော်ညစ်နေရှာတာ။ အနားမရှိပေးနိုင်တော့လည်း ဝမ်းနည်းရတယ်။ အစ်ကို့မွေးနေ့ကိုတောင် Happy Birthday ဆိုတာလေးရယ် ဆုတောင်းစကားတချို့ရယ်ကို စာပဲပို့လိုက်နိုင်တာတော့တကယ်စိတ်မကောင်းဘူး။ သင်္ကြန်ကျတော့ တစ်အိမ်လုံးရိပ်သာဝင်ဖြစ်ကြတယ်။ အစ်ကို့ကိုလွမ်းပေမယ့် တရားမှတ်ရင်းဘဲ အပူတွေပယ်မိပါတယ်။ အစ်ကို့ကိုလွမ်းရင်း တစ်ယောက်နဲ့တစ်ယောက်အားပေးရင်း နွေရာသီကျောင်းပိတ်ရက်ကုန်သွားတယ်။ ဒီနွေက အကြာဆုံးပါပဲ။ ကျောင်းပြန်တက်ရင် အစ်ကိုနဲ့တွေ့ရမယ်ဆိုတော့ ညှိုးနေတဲ့စိတ်လေးက လန်းရပြန်ရော။ အစ်ကိုက ဒီနှစ်ဝက်ပြီးရင် မတွယ်တာနဲ့လက်ထပ်ရတော့မယ်ဆိုတာ သတိရသွားပြန်တော့ ပြန်မှိုင်သွားရပြန်ရော။ အမရာ ဘာလုပ်သင့်လဲ။ အစ်ကိုဆိုတဲ့အတ္တလေးကိုပဲ ဖက်တွယ်ထားသင့်လား။ သူ့မိသားစုနဲ့အဆင်ပြေပါစေဆိုပြီး လက်လွှတ်ပေးလိုက်သင့်လား။ လမ်းပျောက်နေပြီအစ်ကိုရေ။
VOUS LISEZ
My Crush is in LOVE with ME!
Roman d'amourကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...