Perfect and beautiful days...

2.9K 135 3
                                    

Unicode

နိုးလာတော့ ကိုယ်က အစ်ကို့ရင်ခွင်ထဲမှာ။ မော့ကြည့်လိုက်တော့ အစ်ကို့မေးရိုးထင်းထင်းနဲ့ အကြည့်ချင်းဆုံတယ်။ မုတ်ဆိတ်မွှေးရေးရေးက ပိုပြီးယောက်ျားပီသစေသယောင်။ အမြဲသွေးရောင်လွှမ်းတဲ့ နှုတ်ခမ်းတွေ၊ ဖြောင့်စင်းစင်းနှာတံ၊ ကြည်တောက်စူးရှတဲ့ မျက်လုံးတွေကို ဖုံးအုပ်ထားတဲ့ မျက်တောင်တိုစိပ်စိပ်တွေ၊ မျက်ခုံးထူထူ၊ ခပ်ပြေပြေနဖူးပေါ် ဝဲကျနေတဲ့ ပိတုန်းရောင်ဆံပင်တွေ အကုန် အသေးစိတ်လိုက်ကြည့်နေမိတယ်။ အမရာ့အမျိုးသားက ကြည့်လို့ကောင်းလိုက်တာ။ အစ်ကိုကတော့ အိပ်မောကျနေတုန်း။ စားပွဲပေါ်က နာရီကိုလှမ်းကြည့်တော့ 6:30 a.m ဆိုတာလေးက မှိတ်တုတ်မှိတ်တုတ်။ အစ်ကိုမနိုးအောင် အစ်ကို့လက်မောင်းကို အသာလေးဖယ်ပြီးထခါမှ နိုးသွားသေးတယ်။ လက်ထပ်ပြီးအတူနေမှ သိရတာတစ်ခုက အစ်ကိုက တအားအအိပ်ဆတ်တယ်။
"အမရာ နိုးနေပြီလား ဘယ်နှနာရီရှိသေးလို့လဲ"

"ခြောက်နာရီခွဲ"

"ပြန်အိပ်ဦးလေ"

"မအိပ်တော့ဘူး မုန့်ဟင်းခါးချက်မလို့"

"အစ်ကို ကူပေးရဦးမလား"

"ရပါတယ်ရှင့် ပြန်အိပ်ပါ ခုနစ်နာရီခွဲမှလာနိုးမယ်"

"အင်း အင်း"

တစ်ဖက်ကိုလှည့်ပြီး ပြန်အိပ်ပျော်သွားသော ကျွန်မအမျိုးသားရယ်ပါ။ အအိပ်ဆတ်သလောက် အိပ်ပျော်တာလည်း အရမ်းမြန်တာ။ သူ့ကိုကြည့်နေတာရပ်ပြီး မျက်နှာသစ်ခြေလက်‌ဆေးဖို့လုပ်ရတယ်။ ချက်ပြုတ်ပြီးကြည့်လိုက်တော့ ခုနစ်နာရီကျော်ပြီ။ ခဏနေ အစ်ကို့ကိုနှိုးရမယ်။ ကိန္နရီလေးကို သွားကြည့်လိုက်တော့ နိုးနေပြီ။ သူ့ဘာသာသူ ပုခက်ထဲမှာ အရုပ်လေးတွေနဲ့ ဆော့နေတယ်။ ကိန္နရီလေးကို မျက်နှာသစ်ပေး မနက်စာ အာဟာရမှုန့်ကျွေးပြီးမှ သူ့အဖေကို သွားနှိုးရတယ်။ သူ့အဖေလည်းမြင်ရော လက်ပေါ်က အတင်းဆင်းတာ။ သူ့အဖေနား ချပေးလိုက်တော့ ရင်ဘတ်ပေါ်တက်ပြီး နှာခေါင်းကိုဆွဲညှစ်ထားတာ။ အဲ့လိုနှိုးရမယ်လို့ ဘယ်ကတတ်လာတယ်မသိဘူး။ အစ်ကိုနိုးလာပြီး ဘာမှန်းမသိဘဲ ပုတ်ချလိုက်မှာစိုးတာ။ တော်သေးတယ်။ အစ်ကိုက ရယ်ပြီးနိုးလာတယ်။ သူတို့သားအဖနှစ်ယောက် ချစ်ကြည်နူးတစ်တီတူးနေကြတုန်း မေကြီးတို့ကို နှိုးပြီး ဘုရားဆွမ်းတော်ကပ်ဖို့လုပ်ရတယ်။ မနက်စာအတူစားကြတော့ အလည်မလေးက လိုက်ရှုပ်နေသေးတာ။ သူလည်းစားမယ်ပေါ့။ မုန့်ဟင်းခါးက မုန့်ဖတ်ခြောက်နဲ့ချက်ထားတာဆိုပေမယ့် ဗိုက်နာမှာစိုးလို့ မကျွေးရဲဘူး။ ဟင်းရည်တိုက်တော့ မြုံ့မြုံ့ မြုံ့မြုံ့နဲ့ အရသာခံပြီးသောက်နေသေးတာ။ တကယ့်အလည်လေး။

My Crush is in LOVE with ME!Hikayelerin yaşadığı yer. Şimdi keşfedin