Prologue Part 3

6.2K 255 3
                                    

Unicode
( ၃ )

ကိုယ် ဝန်ခံပါတယ်။ နေ့လည်က အားကစားသမားလေးကို သိပါတယ်။ သိတယ်ဆိုတာလည်း ကိုယ့်ဘက်ကပဲ သိတာပါ။ ဘက်စကက်ဘောပွဲကြည့်ရင်းနဲ့ ရိုးရိုးသားသားသတိထားမိတာပါ။ သူ့ဂျာစီကျောဘက်က ခန့် ဆိုတဲ့ တစ်လုံးတည်းသောနာမည်လေးကြောင့်ပါ။ ဘာလို့လဲတော့မသိပေမယ့် အဲ့ဒီ့ ခန့် ဆိုတဲ့စကားလုံးလေးကို သဘောကျတယ်။ သူ့နာမည်ကျမှရယ်လို့တော့မဟုတ်ပေမယ့် တခြားစကားလုံးတွေနဲ့တွဲတွေ့ရတဲ့ ခန့် ထက် တစ်လုံးတည်း သီးသန့်ရှိနေတာလေးကို ပိုသဘောကျတယ်။ သူ့မှာနာမည်အပြည့်အစုံရှိလားတော့မသိပေမယ့် သူ့ကျောပေါ်က နာမည်တစ်လုံးနဲ့တင် ပြည့်စုံတယ်လို့ခံစားရတယ်။ ကြည့်ကောင်းတဲ့ထဲပါတဲ့သူ့ကို မိန်းကလေးတွေ မျက်စိကျကြတာလည်း မဆန်းဘူးထင်ပါတယ်။ တချို့စီနီယာတွေလောက်တော့ နာမည်ကြီးတဲ့ထဲမပါဘူးပေါ့လေ။ သိပ္ပံဘက်က စီနီယာတွေလည်း ချောကြသလို၊ ဝိဇ္ဇာဘက်က ရှားရှားပါးပါးအားကစားသမားစီနီယာချောချောလေးတွေကလည်း အားပေးသူများကြတာကိုး။ ဝိဇ္ဇာဘက်မှာက နိုင်ငံခြားကျောင်းသားတွေလည်း ရှိတာဆိုတော့ သူကတော့သိပ်တိုးပေါက်ပုံမပေါ်ဘူး။ ဒါပေမယ့် တကယ်ပါ သူ့ပုံစံထက် သူ့နာမည်ကို အရင်သတိထားမိတာ။ တကယ်ကို ရိုးရိုးသားသားသတိထားမိခဲ့တာပါ။ နေ့ခင်းက ဘောလုံးနဲ့အပေါက်မခံရခင်ထိပေါ့။ အပေါက်ခံရတယ်လည်းဘယ်ဟုတ်မလဲ။ မတော်တဆ ဘောလုံးရှေ့ ဖြတ်လျှောက် မိတာပေါ့။ မျက်နှာက ကျိန်းစပ်စပ်နဲ့နည်းနည်းတော့ နေရခက်တယ်။ နှာခေါင်းကသွေးမထွက်တော့ပေမယ့် မနက်ဖြန်တော့ ကျောင်းပျက်ပြီးဆေးခန်းသွားမှဖြစ်မယ်နဲ့တူတယ်။ အဖေ့အမွေ မွေးရာပါနှာတံစင်းစင်းလေးက ဆာဂျရီမဟုတ်ပါလို့ ကျိန်ဆိုပြောရမယ့် ဂုဏ်ယူစရာလေးမို့ အထိခိုက်မခံနိုင်ပါဘူးနော်။ အတွေးတွေ ဘယ်လောက်လွန်နေမိလဲတော့မသိဘူး။ အရှေ့တည့်တည့်မှာ သူလာရပ်မှပဲ သတိထားမိတော့တယ်။ သူ့ကို ကြည့်ရတာ မောနေပုံထောက်တော့ အော်ခေါ်တာမရလို့ အရှေ့ပိတ်ရပ်လိုက်တယ်ထင်ပါတယ်။ ကိုယ်တော့ ကိုယ့်နာမည်ခေါ်တာ မကြားမိပါဘူး။ မေ့လို့။ သူမှ ကိုယ့်နာမည်မသိဘဲ။ လမ်းလျှောက်မြန်တဲ့ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတော့တယ်။ မျက်နှာကနာနေသေးလား၊ ဆေးခန်းသွားပြီး ဓာတ်မှန်ရိုက်ကြည့်ချင်လား လာမေးတာပါ။ ခေါင်းညိတ်လိုက်လို့ရပေမယ့် ကိုယ့်အမှားလည်း ပါတယ်ထင်လို့ အားနာတယ်။ အိမ်ကိုလည်း သေချာပြောပြချင်သေးတာဆိုတော့ ထပ်ငြင်းမိပြန်ပါတယ်။ ဖယ်ရီကလည်းစောင့်နေမှာဆိုတော့ သွားလိုက်ပါဦးမယ်တစ်ခွန်း ပြောပြီးထွက်လာမိတယ်။ သူကလည်းထပ်မခေါ်တော့သလို ကိုယ်လည်းပြန်လှည့်မကြည့်ဖြစ်ဘူး။ ချက်ချင်းပဲဖြစ်ဖြစ် သူ့ရှေ့က အငွေ့ပျံပြီးပျောက်သွားချင်ပါတယ်။ သူခေါ်နေတာ မကြားရလောက်အောင် သူ့အကြောင်းတွေးနေမိတာလည်း သူခိုးလူမိသလိုပါပဲ။ ချစ်သူလမ်းကြားကလည်း ဘာလို့အဲ့လောက်ကျဉ်းရတယ်မသိပါဘူး။ လူတွေလာရင် ဘေးကပ်ပေးရသေးတယ်။ သူကလည်း ရှက်နေတဲ့ပုံနဲ့ ခေါင်းကိုစောင်းပြီး သူ့လည်တိုင်ကိုပွတ်နေသေးတယ်။ မသိရင် တကယ့်ချစ်သူတွေ ချိန်းတွေ့နေသလိုပဲ။ လူတွေက တစ်ချက်တစ်ချက်စပ်စုပြီး ကြည့်သွားကြသေးတယ်။ မျက်နာကနာနေတာလည်း သတိမရတော့ဘဲ နှလုံးရောဂါရပြီပဲထင်တာ။ ညကျမှ သူငယ်ချင်းမတွေကို crush ရှေ့ရောက်ရင် ဘယ်လိုနေလဲ မေးကြည့်ရမယ်။ အခုသူ့ကို crush လို့ တွေးလိုက်တာလား။ တွေးနေတုန်းသတိရတော့ အတွေးကလွန်ပြီးနေပြီ။ ရပ်ထားတဲ့ဖယ်ရီကို မကျော်သွားအောင်ပဲ သတိထားပြီး ဆက်လျှောက်ရတော့တယ်။ တကယ်လို့ တကယ်လို့ပေါ့ ကိုယ့်မှာများ အနားမှာဖြစ်သမျှ တခြားလူတွေတွေးသမျှ အကုန်သိနိုင်တဲ့အစွမ်းမျိုးရှိခဲ့ရင် ကိုယ့်နောက်ကပြေးလိုက်ခဲ့တဲ့ ကောင်လေးနဲ့စကားတွေ အများကြီးပြောခဲ့မိမှာ။ ဘယ်သိခဲ့ပါ့မလဲ ကာယကံရှင်ကောင်လေးက စိတ်ပူပြီး ကိုယ်ကျောင်းဆင်းမယ့်အချိန်ကို ရပ်စောင့်နေခဲ့တယ်ဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ကိုယ့်ကိုတွေ့လို့ လှမ်းခေါ်ချင်ပေမယ့် ဘယ်လိုခေါ်ရမလဲမသိလို့ ဒီတိုင်းပဲပြေးလိုက်ခဲ့တယ်ဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ကိုယ်နဲ့စကားပြောရင်း သူလည်းရင်ခုန်နေခဲ့တယ်ဆိုတာ။ ဘယ်သိခဲ့ပါ့မလဲ ထွက်သွားတဲ့ကိုယ့်နောက်ကို တိတ်တိတ်လေး ငေးကြည့်နေတဲ့သူရှိခဲ့တယ်ဆိုတာ။ တကယ်လို့များ သိခဲ့ရင်၊ သိခွင့်ရှိခဲ့ရင် သူနဲ့လက်တွဲခွင့်ရတဲ့အချိန်ကစ အချိန်တွေအကုန်လုံး ပိုစောခဲ့မယ်ထင်ပါတယ်။ နောင်တလို့အမည်တပ်မရသော နှမြောတသခြင်းတွေပါပဲ။

My Crush is in LOVE with ME!Where stories live. Discover now