I'm still trying to hide my feelings...

2.5K 166 2
                                    

Unicode

စာအုပ်ပုံတွေကြားထဲ ခေါင်းစိုက်နေလိုက်တာ ဖုန်းလာမှအကြောဆန့်ဖို့ သတိရတယ်။

"Hello"

"Hello တီလေး"

"အာကာလေး ညစာစားပြီးပြီလား"

"ဟုတ် တီလေးရော"

"မစားရသေးပါဘူးရှင်"

"အငယ်လေးမစားရသေးဘူးလား စားတော့လေ ဘယ်နှနာရီတောင်ရှိပြီလဲ"

"ဟုတ် စားမယ် မေကြီးပါရောက်နေတာလား"

"မေကြီးရောက်နေတာမဟုတ်ဘူးဟေ့ ငါတို့ဒီနေ့လာလည်တာ"

"ဪ ဖေကြီးရော"

"ရှိပါ့ TV ကြည့်နေတယ် ဖေကြီး ရော့ ဖေကြီးအငယ်လေး"

"ပြော အငယ်လေး"

"နေ‌ကောင်းရဲ့လား"

"ကောင်းပါတယ်ဗျာ"

"တစ်နေကုန် ဟိုငရှုပ်လေးကိုထိန်းထားရတာ ပင်ပန်းမှာပေါ့"

"တီလေးနော် သားသားကို ဘာငရှုပ်လေးလဲ"

"မဟုတ်လို့လား ငရှုပ်လေးရေ"

"ဟွန့် တီလေးဘယ်တော့ပြန်လာမှာလဲ"

"နောက်လမှ ဘာလို့လဲ"

"ပြန်လာရင် သားအတွက် မုန့်ဝယ်ခဲ့ အရုပ်တွေရောပဲ"

"သားသားလိမ်လိမ်မာမာနေရင် ဝယ်ခဲ့မယ် ဖိုးဖိုးကြီးတို့ကို သိပ်မရှုပ်နဲ့"

"မရှုပ်ပါဘူးနော်"

"အငယ်လေး ဘယ်နှရက်နေ့လောက် ပြန်လာမလဲ"

"တစ်ရက်နေ့ညနေ flight နဲ့ပြန်လာမယ်မှန်းတာပဲ အချိန်အတိအကျကိုနောက်မှပြန်ပြောမယ်"

"ဒီတစ်ခါပြန်လာတာ စောသားပဲ"

"ဟုတ်"

"အေး အေး ညစာစားတော့ အိပ်ခါနီးမှစားရင် ရင်ခံနေဦးမယ်"

"ဟုတ် မေကြီး တာ့တာ"

"တီလေး တာ့တာ"

"တာ့တာ bye bye ပါရှင်"

ငရှုပ်လေးနဲ့ ညတိုင်းဖုန်းပြောနေကျ တာဝန်ပြီးသွားတော့ ထမင်းစားဖို့ပြင်ရတယ်။ ဒီရေဒီမြေနဲ့အသားကျခဲ့တာ သုံးနှစ်လောက်ရှိပြီဆိုတော့လည်း အရာရာအနယ်ထိုင်နေခဲ့ပါပြီ။ ဒီကကျောင်းမှာပဲ ကျူတာဝင်လုပ်ရင်းနဲ့ တခြား ဒီပလိုမာတစ်ခုထပ်တက်နေတယ်။ ပိတ်ရက်ဆို ကျောင်းကပဲ ချိတ်ပေးတဲ့ အလုပ်နှစ်ခုဆီ ပြေးရတယ်။ တစ်နေ့တစ်နေ့ ဇယ်ဆက်သလို အလုပ်လုပ်ရင်း လှုပ်ခတ်ခဲ့တဲ့ကန်ရေပြင်ကို ငြိမ်သက်အောင် ကြိုးစားရတယ်။ ဒါတောင် တစ်ခါတစ်ခါ အစ်ကို့ကိုသတိရတိုင်း မျက်ရည်ဝဲမိနေတုန်း။ ဒီကြားထဲမှာ အစ်ကိုရောက်လာသေးတယ်။ ဘယ်ကစုံစမ်းလာလဲတော့ မသိပေမယ့် အမရာ့ဆီလာတာလို့ပြောတယ်။ ဖိတ်စာလေးတစ်စောင်နဲ့အတူတူ။ သူ့မင်္ဂလာပွဲကိုလာဖို့ ဖိတ်ကြားတဲ့စကားတွေ ပြောနေပေမယ့် သူ့မျက်လုံးထဲက ဝမ်းနည်းရိပ်တွေကို အမှတ်မထင်သွားတွေ့တယ်။ နှုတ်ဆက်ခါနီး တစ်ခုခုပြောမလို့ ပြောမထွက်နိုင်တဲ့ အစ်ကို့နှုတ်ခမ်းခပ်လှုပ်လှုပ်က ကိုယ့်ကိုတွေဝေစေတယ်။ နောက်ဆုံး သူကျောခိုင်းမသွားခင် ကိုယ်လည်း မလာနိုင်ကြောင်း ခပ်ပြတ်ပြတ်ပြောမိတယ်။ "နောက်တစ်ခါ မနှောင့်ယှက်တော့ပါဘူး" ဆိုတဲ့ ကတိမမည်သောကတိကို သူ့အပြုံးခပ်ထေ့ထေ့နဲ့ပြောလာတဲ့အခါ အဲ့စကားစုထဲက ဝမ်းနည်းမှုအတိမ်အနက်ကို ကြေကွဲတဲ့အကြည့်တွေက ပုံဖော်တယ်။ နောက်ပိုင်းထပ်မတွေ့ကြတော့ဘူး။ သူနဲ့တွေ့ခဲ့တဲ့ ကော်ဖီဆိုင်လေးကလည်း မသွားဖို့ရှောင်မိတဲ့ ပြည်ပက ပထမဦးဆုံးနေရာလေးဖြစ်လာတယ်။ သူ့လက်ထပ်ပွဲအကြောင်းလည်း နားမစွင့်ဖြစ်တော့ဘူး။ မမကတော့ ပြောဖို့ကြံပေမယ့် "အမရာ မသိချင်ဘူး" ဆိုတဲ့တစ်ခွန်းနဲ့ ချေပခဲ့တယ်။ မသိချင်လို့မဟုတ်ပါဘူး။ သိချင်တယ်။ သေလောက်အောင် သူ့အကြောင်းတွေ သိချင်နေပေမယ့်လည်း အမရာ တည်ငြိမ်ချင်နေပြီ။ တည်ငြိမ်ချင်ဟန်ဆောင်နေတာဆို ပိုမှန်မယ်။ သူ့ကိုဘယ်လောက်လွမ်းကြောင်း ကိုယ်ရေးဖူးတဲ့ ကဗျာတွေနဲ့ နက်ပြာရောင်ကတ္တီပါဘူးလေးက သက်သေ။

My Crush is in LOVE with ME!Место, где живут истории. Откройте их для себя