Unicode
ဘာလိုလိုနဲ့ ကျောင်းသင်္ကြန်တောင်ရောက်တော့မယ်။ ဒီကြားထဲမယ် crush ကလည်း ဘာစကားမှလည်းလာမပြောသလို ဣန္ဒြေရှင် မအမရာလည်း စကားစပြောဖို့ မ၀ံ့ရဲခဲ့ပါဘူး။ အပြင်မှာလည်း ထပ်မတွေ့ဖြစ်တော့ဘူး။ အမရာလည်း ရှက်လွန်းလို့ အာစီဘက်ကို ခြေဦးတောင်မလှည့်တော့ပါဘူး။ စာမေးပွဲနားနီးလေ ပင်လုံဆောင်ကြီးကလည်း လစ်ထွက်ဖို့ခက်လေပဲ။ သင်္ကြန်ရက်တောင် မလာတော့ဘူးလုပ်ထားတာ။ မနက်ပိုင်း အတန်းတက်ရမယ်ဆိုလို့ မသွားချင်ဘဲသွားရဦးမယ်။ အတန်းကလည်း အရေးကြီးတယ်။ စာမေးပွဲမှာ ပါမှာတွေပြောမှာဆိုတော့ မတက်လို့မဖြစ်ဘူး။ သူငယ်ချင်းမတွေက သင်္ကြန်ကို အတင်းခေါ်နေတော့ အ၀တ်အစားအပိုရော ရေစိုခံအိတ်ရောထည့်လာရသေး။ ကိုယ့်ကို ရေလောင်းမယ့်သူလည်းမရှိဘဲ ကိုယ့်အချင်းချင်းပြန်လောင်း သနပ်ခါးတွေလိမ်းပြီး နေပူကြီးထဲ ဒီတိုင်းရပ်နေရတာ နည်းနည်းတော့ နေရခက်တယ်။ သူငယ်ချင်းမတစ်ယောက်ကတော့ တောင်ငူဆောင်က သူ့ဂျပန်ကောင်လေးကို ရေလောင်းလိုက်ရလို့ ပျော်လို့ရွှင်လို့။ ပင်လုံဆောင်ကြီး ငြိမ်ချက်ကတော့ ဘောလုံးပွဲလည်းအားမပေး၊ ဘက်စကက်ဘောဘာညာ၀င်ဆော့တဲ့လူရယ်လို့လည်းမကြားမိ၊ အခုသင်္ကြန်လည်း စတုဒီသာမဏ္ဍပ်တစ်ခုတောင်မရှိ။ ကိုယ်တွေမှာ သူများမေဂျာတွေရဲ့ မဏ္ဍပ်နားက အရိပ်လေးမှာ ကပ်နေရတယ်။ ရေစိုပြီးရင် အဆောင်ထဲပြန်ဝင်ခွင့်မရှိပါဘူးတဲ့ရှင်။ ပြန်မယ်ဆိုတော့လည်း သူငယ်ချင်းတွေက ညနေမှတူတူပြန်မယ်ဆိုလို့ နေရပါသေးတယ်။ နောက်မှသိရတာက အခုတလောခေတ်ထနေတဲ့ ဆယ်လီတစ်ယောက်လာမှာမို့လို့ စောင့်မယ်တဲ့။ အခုတော့ ကောလိပ်ချဥ်အဖွဲ့ရဲ့ ပေးစာကဏ္ဍလာနေတယ်။ ကိုယ်တွေနာမည်လည်းမပါတော့ သိပ်စိတ်မဝင်စားဘူးရယ်။ ညနေကျ အဆိုတော်တွေလာရင် ဝိဇ္ဇာမြက်ခင်းပြင်မှာ ဒွန့်ချင်ကြသေးတာဆိုပဲ။ ကိုယ်လည်းမကြုံဖူးတာနဲ့ သူတို့နဲ့ပဲ အတူနေနေလိုက်တယ်။ အိမ်ပြန်ဖို့လည်းစောသေးတော့ မပြန်ချင်သေးဘူး။ထမင်းစားချိန်နဲ့ဝေးသေးပေမယ့် ကန်တင်းပဲသွားထိုင်လိုက်ကြတယ်။ ကန်တင်းဆိုလို့ နီးနီးနားနားလည်းမဟုတ်ဘူး။ ဟိုးဘက်တောင်ငူကန်တင်းထိ။ ရေထပ်စိုဦးမှာဆိုတော့ အဝတ်လည်းလဲမနေတော့ဘဲ သွားလိုက်တယ်။ ဒီတစ်ခါတော့ မှတ်သွားပါပြီ။ ထီးဆောင်းလိုက်တယ်။ အဆောင်မှာနေတဲ့သူငယ်ချင်းတစ်ယောက်ဆီက အပေါ်ထပ်တစ်ထည်ငှားဝတ်ထားလိုက်တယ်။ တစ်နေကုန်အေးအေးဆေးဆေးပဲ။ သူ့ကိုရှာကြည့်မိပေမယ့် တွေ့လည်းရေလောင်းဖြစ်မှာမဟုတ်လို့ မေ့မေ့ပျောက်ပျောက်ပဲထားလိုက်တယ်။ ကွင်းထဲပြန်လာတော့ နှစ်နာရီလောက်တော့ရှိပြီထင်တယ်။ တချို့ကျောင်းသားတွေ သီချင်းတက်ဆိုနေကြတယ်။ မနက်က ကောလိပ်ချဥ်အဖွဲ့လည်း ဝတ်စုံတွေပြောင်းကုန်ပြီ။ ကွင်းထဲမှာ ကနေတဲ့လူနည်းနည်း တွေ့တယ်။ မကြာပါဘူး သူငယ်ချင်းတွေဆွဲခေါ်တာနဲ့ ကိုယ်လည်းကွင်းထဲရောက်သွားတယ်။ နေ့ခင်းနှစ်နာရီရဲ့ နေအပူရှိန်က ပေါ့သေးသေးတော့မဟုတ်ဘူး။ ပွဲစီစဉ်သူတွေကတော့ မီးသတ်ပိုက်ကြီးနဲ့ အပေါ်စီးကနေ ရေလောင်းပေးတယ်။ မဟုတ်ဘူး။ ရေဖြန်းပေးတာ။ ကွင်းအကျယ်ကြီးကို အနှံ့ဖြန်းရတာဆိုတော့ ကိုယ့်ဆီရေက ရောက်လိုက်မရောက်လိုက်ပဲ။ RS မမကတော့ အနောက်ကနေ အရိပ်မိုးပေးမယ့်သူနဲ့ သူ့အတွဲနဲ့သူ ပျော်နေပေမယ့် ဒီက FA တွေကတော့ သိပ်အဆင်မပြေလှဘူး။ ကိုယ့်မှာနေထိုးလို့ မျက်မှောင်ကြုံ့နေတဲ့အချိန် စင်ပေါ်က သူ့နာမည်ခေါ်တာ ကြားလိုက်တော့ နည်းနည်းတော့စိတ်လှုပ်ရှားသွားတယ်။ သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် စင်ပေါ်တက်လာတယ်။ သူတစ်ဖက်သတ်ချစ်ရတဲ့ ကောင်မလေးအတွက်တဲ့။ ဆိုတဲ့သီချင်းက လွှမ်းပိုင်နဲ့ ယောမင်းဦးရဲ့ ကြည်ဖြူမယ်ဆိုရင်။ သီချင်းစဆိုလိုက်ကတည်းက သူ့သြရှရှအသံချိုအေးအေးမှာ မျောသွားမိတယ်။ ဆွဲဆွဲငင်ငင်နဲ့ ဆိုနေပုံက သူကြိုက်တဲ့ကောင်မလေးနဲ့ အဆင်မပြေပုံပဲ။ ကွင်းထဲကပြေးထွက်ပြီး အိမ်ပြန်ချင်နေပြီ။ သူကြိုက်တဲ့ကောင်မလေးဆိုတာကို စဥ်းစားမိတာနဲ့ ရင်ထဲလေးနေတာ ဘယ်လိုလုပ်ရပါ့။ ကိုယ်ဘယ်လောက်ငြိမ်နေမိလဲမသိဘူး သူငယ်ချင်းတစ်ယောက်ဘေးက လာတို့မှပဲ သတိဝင်လို့ ကြည့်လိုက်တော့ သူကစင်ပေါ်ကဆင်းသွားပြီ။ သူငယ်ချင်းက သူ့အိမ်ကလာကြိုတဲ့ကားနဲ့ လိုက်ပို့ပေးမယ်ဆိုတာနဲ့ သူနဲ့မှအတူပြန်တော့မယ်ဆိုပြီး ကွင်းထဲဆက်နေနေလိုက်တယ်။ သူများတွေ သွားကြတဲ့ EDM ပွဲဆိုတာ ဒီလိုမျိုးပဲဖြစ်မယ်။ အဆိုတော်တွေလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားတယ် သူငယ်ချင်းတွေမျှော်နေတဲ့ အဆိုတော်ကမလာသေးဘူး။ တဖြည်းဖြည်း နေလည်းစောင်းလာပြီး ရေလည်းရွှဲနေတော့ ချမ်းလာတယ်။ ဘေးကသူငယ်ချင်းကတော့ သူ့ကိုအနောက်ကတက်တက်နင်းလို့ ဒေါတွေဖောင်း။ ကိုယ့်ကိုတော့ ဘယ်သူမှလာမတိုက်မိပေမယ့် တစ်ချက်ခုန်လိုက်ပြီးပြန်ကျတော့ ကိုယ့်ခေါင်းက အနောက်က ရင်ဘတ်နဲ့တိုက်မိသွားတယ်။ တောင်းပန်မလို့ အနောက်လှည့်ကြည့်လိုက်တော့ သူ။ သူက ကိုယ့်အနောက်တည့်တည့်မှာ။ တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလိုပဲ။ ခေါင်းတစ်ချက်ပဲညိတ်ပြပြီး အရှေ့အမြန်ပြည့်လှည့်မိတယ်။ သူကဘာလို့ငါ့အနောက်ရောက်နေရတာလဲ။ ဘယ်အချိန်ထဲကလဲ မသိဘူး။ ငါစိတ်ကြိုက်ခုန်နေတာ သူမြင်သွားပြီလားမသိဘူး။ မြင်သွားမှာပေါ့။ ရှက်လိုက်တာ။ သူ့ကိုတက်နင်းမိသွားသေးလားမသိဘူး။ လူကကျောက်ရုပ်ကြီးလိုပဲ။ ခုန်ဖို့နေနေသာသာ လှုပ်တောင်မလှုပ်နိုင်တော့ဘူး။ တစ်ယောက်တည်း ခေါင်းကြီးငုံ့ပြီး ငြိမ်နေတုန်း နားအနောက်နားက ကြားလိုက်ရတာက "ကြည်ဖြူနိုင်မလား" တဲ့။ အချိန်တွေ အကုန်ရပ်တန့်သွားသလိုပဲ။ ကိုယ်တစ်ဖက်သတ်ချစ်ရတဲ့သူက ကိုယ့်ကိုဖွင့်ပြောနေတာလားဆိုတဲ့ မရေမရာခံစားချက်ကြီးကြောင့် တစ်ကိုယ်လုံးမှာ စီးနေတဲ့သွေးတွေပါ ရပ်သွားသလိုပဲ။ သူ့ဝင်သတ်ထွက်သတ်ညင်းညင်းလေးက ကိုယ့်ဂုတ်နားမှာဆိုတဲ့အသိနဲ့ ကြက်သီးတွေပါ ထလာသလိုပဲ။ စင်ပေါ်က သီချင်းသံတွေလည်း မကြားနိုင်တော့ဘူး။ သူငယ်ချင်းတွေ လှမ်းခေါ်နေတာလည်း လှည့်မကြည့်နိုင်ခဲ့ဘူး။ အခုချိန်မှာ ရှက်တာပဲသိတယ်။ ပြေးကောင်းကောင်းနဲ့ ပြေးလိုက်တာ အာစီနောက်ရောက်မှသတိရတယ်။ ဝိဇ္ဇာခန်းမရှေ့မှာ အပ်ထားတဲ့ အိတ်လည်းသွားရွေးရဦးမယ်။ အိတ်ရမှ ရေစိုဝတ်တွေလဲပြီး အိမ်ပြန်ရမှာရယ်။ အချိန်ကိုကြည့်တော့ ခြောက်နာရီနားနီးနေပြီ။ မတတ်နိုင်ဘူး။ အိတ်သွားရွေး အင်္ကျီရွေးပြီး အတူပြန်မယ့်သူငယ်ချင်းကို တက္ကစီနဲ့ပဲ ပြန်သွားပြီလို့ စာပို့ထားလိုက်တော့မယ်။ တက္ကစီပေါ်ရောက်တဲ့ထိ သူ့ကိုထပ်မတွေ့တော့လို့ တော်သေးတယ်။ မဟုတ်ရင် ရှက်လို့သေမှာ။
![](https://img.wattpad.com/cover/242084899-288-k917820.jpg)
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...