(U)
Ep(34)Highlight~
"အချစ်သာ သတ်ရင် ဘယ်နှစ်ခါပဲသေသေ..."✰♪✰♪✰♪
နောက်နေ့မနက်မှာ အလင်္ကာနဲ့ စန္ဒာတို့နှစ်ယောက်သား
ရှင်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ Hallခန်းကြီးထဲကို သွားကြသည်။
အခန်းထဲမှာ ဆရာမကြီးနဲ့ ဆရာ၊ ဆရာမ လေးယောက်လောက်ရှိနေသည်။
ကင်းနဲ့တစေက အလင်္ကာတို့ရောက်ပြီးမကြာဘူး
အခန်းထဲကို အတူဝင်လာကြသည်။
တစေ့ရဲ့မျက်နှာက မချိုမချဉ်နဲ့ဖြစ်ပြီး
အလင်္ကာကတော့ သူ့ကို မျက်စောင်းတွေချည်းသာ စွတ်ကျွေးပစ်နေတော့သည်။တအောင့်လောက်အကြာမှာ ဆရာမကြီး စကားစပြောလာသည်။
"ကဲ အခု မြဲတစေနဲ့ အလင်္ကာဝေတို့ရောက်ပြီဆိုတော့
ဆရာမ ဒေါ်ယုယက ကမယ့်ဇာတ်လမ်းပုံစံလေး ပြောပြလိမ့်မယ်"ဆရာမဒေါ်ယုယက A4စာရွက်တွေကို
စုပြီးလက်ကကိုင်ထားကာ စကားပြောဖို့ပြင်သည်။
"မနှစ်က ကလေးတို့မှတ်မိမလားမသိဘူး
ဆုပေးပွဲမှာ ရှစ်တန်းကကျောင်းသူလေးတွေက
Frozenဇာတ်လမ်းကို ခေတ်သစ်အနေနဲ့ပြောင်းပြီး ကခဲ့ကြတယ်လေ
အခု ဒီနှစ်မှာ ဆရာမတို့ဆယ်တန်းက Snow Whiteဇာတ်လမ်းကို ပုံစံလေးတစ်မျိုးပြောင်းပြီး ကပြချင်တယ်"အလင်္ကာ မျက်လုံးလေးပြူးသွားသည်။
သူက တစေနဲ့ Snow whiteဇာတ်လမ်းကို ကရမယ်။
ဒါဆို မင်းသမီးက ဘယ်သူလဲ။
အလင်္ကာ မျက်နှာလေး သာသာယာယာမရှိတော့ဘူး။
တစေကတော့ ကျေနပ်ခြင်းတွေ အပြည့်နဲ့ ဆရာမကို စကားလှမ်းပြောလိုက်သည်။
"ကမယ့်လူတွေက မစုံသေးဘူးလား"ဆရာမဒေါ်ယုယက တစ်ချက်ပြုံးလိုက်ရင်း ပြန်ဖြေသည်။
"ခဏလေးနေပါဦး ပြောမှာပေါ့
အခုလောလောဆယ်ကတော့ တစေတောင်းဆိုထားသလိုပဲ
မင်းသားက မြဲတစေ၊ မင်းသမီးနေရာမှာ အလင်္ကာဝေ၊ ပြီးတော့....""ဟင် ဘာလို့သားက မင်းသမီးနေရာကနေလုပ်ရမှာလဲ"
အလင်္ကာ သနားစရာကောင်းစွာနဲ့ ဆရာမစကားကို ဖြတ်ပြီးမေးလိုက်သည်။
"ဒါက တစေတောင်းဆိုထားတာလေ သားရဲ့""ဒါပေမယ့် သားကမှ လက်မခံချင်တာ"
"ဆရာမပြောပြမယ် အလင်္ကာ။ အခုသားတို့က
ဆယ်တန်းဖြေပြီးသားကျောင်းသားတွေ
စိတ်ကစားတတ်တဲ့အရွယ်ဆိုတာလည်းမှန်တယ်
ယောက်ျားလေးနဲ့မိန်းကလေးကြားမှာ ပြဇာတ်ကရင်း ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားမှာမျိုးတွေ ဆရာမတို့ မလိုချင်ဘူး
ဒါကြောင့် ယောက်ျားလေးနှစ်ယောက် ကဖို့ကို အားလုံး သဘောတူလိုက်ကြတာ"
